Salai Khup Khup — ချင်းပြည်နယ် ပလက်ဝမြို့နှင့် ရခိုင်ပြည်နယ် မြောက်ပိုင်း(၈)မြို့နယ်တွင် အင်တာနက်လိုင်း ဖြတ်တောက်ခံရသည်မှာ၁နှစ်ပြည့်ခါနီးပြီဖြစ်ပြီးလွန်ခဲ့သော(၅)လခန့်ကပြန်ဖွင့်ပေးပြီးမကြာခင်ပြန်ပိတ်လိုက်ခြင်းကြောင့် ပလက်ဝမြို့တွင်ယခုအချိန်ဆိုလျှင်အင်တာနက်လိုင်း ဖြတ်တောက်ခံရသည်မှ ၅ လ ခန့်ရှိပြီဖြစ်ပြီး ဒေသခံများ၊ ဌာနဆိုင်ရာများနှင့် လူမှုအဖွဲ့အစည်းများတွင် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း သိရသည်။
ပလက်ဝမြို့အရပ်ဖက်လူမှုအဖွဲ့အစည်းတွင် လုပ်ကိုင်နေသူ ဦးရာကျော်က “အင်တာနက် အဖြတ်ခံရတော့ အခက်အခဲတော့ အများကြီးကြုံတွေ့ရတယ်၊ အလုပ်ကိစ္စအတွက်လည်း အဆင်မပြေဘူး၊ ဘယ်အဖွဲ့အစည်းနဲ့မှ အဆက်အ သွယ်မရဘူး၊ နည်းပညာပိုင်းနဲ့ပတ်သက်ရင် ဖြစ်ဖြစ် အဆင်မပြေမှုက အနည်းနဲ့အများ ရှိတယ်”ဟုပြောသည်။
ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဖေဖော်ဝါရီလ (၄)ရက်နေ့တွင် ထပ်မံပြီး ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်း (၈) မြို့နယ်ကို အင်တာနက်လိုင်း ဖြတ်တောက်ခဲ့ခြင်းဖြစ်သည်။
ပလက်ဝမြို့ဒေသခံ ဦးအောင်စိုးက “နှစ်ကြိမ်လောက် ရလိုက် အဖြတ်ခံရလိုက် ဖြစ်ပြီး နောက်ဆုံး လေးလခွဲ ဝန်းကျင်လောက်ရှိပြီ၊ အင်တာနက်လိုင်းတွေ မရရှိသေးဘူး၊ ဒေသခံ တွေအနေနဲ့လည်း အဆင်မပြေတာလေးတွေရှိတယ်၊ တစ်ခုခုဆိုရင် ဖုန်းနဲ့ပဲ ဆက်သွယ်နေရတော့ အထူးသဖြင့် ပလက်ဝမြို့မှာရှိတဲ့ NGO အဖွဲ့တွေဆိုရင် ပိုအခက်အခဲဖြစ်မယ်၊ အခုလို ကိုဗစ်-၁၉ ဖြစ်နေတဲ့ ကာလမှာတွေ ဆိုရင် သတင်းသိရှိရမှုပိုင်းမှာလည်း အားနည်းသွားတယ်၊ TV ကထုတ်လွှင့်ပေးတဲ့ အစီအစဉ်ကနေဘဲ သိရတယ်၊ တော်တော်များများက ကြည့်ရမယ့်အချိန်လည်း သိပ်မရှိတဲ့လူ တွေလည်း ပိုများတယ်”ဟုပြောသည်။
ရက္ခိုင့်တပ်မတော်AAနှင့် မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲအဖြစ်များသော ဒေသများတွင် အင်တာနက်လိုင်းများ ဖြတ်တောက်ခြင်းကြောင့် ပလက်ဝမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများ၏ သတင်းအချက်အလက် ရရှိနိုင်မှုဆုံးရှုံးခြင်း၊ ရေမြေခြားတွင်ရှိသော ဆွေမျိုးများနှင့် အဆက်အသွယ် ရရှိရန် ခက်ခဲခြင်းစသည့် အခွင့်အရေးများ ဆုံးရှုံးကြောင်း ဒေသခံများထံမှ သိရသည်။
မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်AAတို့ကြား တိုက်ပွဲဖြစ်ပွားသည့် ဘူးသီးတောင်၊ မောင်တော၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ပုဏ္ဍားကျွန်း၊ ရသေ့တောင်၊မြေပုံ၊ ချင်းပြည်နယ်အတွင်းရှိ ပလက်ဝမြို့နယ် အပါအဝင် (၉)မြို့နယ်အား ဆက်သွယ်ရေးဝန်ကြီးဌာနမှ အင်တာနက်လိုင်း ဆက်သွယ်မှုကို ၁ နှစ်ခန့်ဖြတ်တောက်ထားခဲ့ပြီး ဖုန်းပြောဆိုမှုကို ဖွင့်ထားပေးကြောင်း သိရသည်။







