ရသေ့တောင်မြို့နယ် ဆောက်ခတ်ကျေးရွာတွင် ပိတ်မိကျန်ခဲ့သည့် လူ ၈ဝ ခန့်မှာ စားနပ်ရိက္ခာနှင့် ဆေးဝါးများပြတ်လပ်နေဟုဆို

ရသေ့တောင်မြို့နယ် ဆောက်ခတ်ကျေးရွာတွင် ပိတ်မိကျန်ခဲ့သည့် လူ ၈ဝ ခန့်မှာ စားနပ်ရိက္ခာနှင့် ဆေးဝါးများပြတ်လပ်နေဟုဆို

အိမ်စိုးဖြူ — ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ဆောက်ခတ်ကျေးရွာတွင် ပိတ်မိနေသည့် ကလေးငယ်များနှင့် အမျိုးသမီးများအပါအဝင် လူ ၈ဝ ခန့်မှာ စားနပ်ရိက္ခာနှင့် ဆေးဝါးများ ပြတ်လပ်နေကြောင်း ဒေသခံများက ပြောဆိုသည်။

ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က “ ပိတ်မိကျန်နေခဲ့ကြတာ ဟုတ်တယ်။ ဦးလေးတို့လည်း ကယ်ထုတ်ဖို့ ကြိုးစားနေကြတယ်။ အဲဒီနားတွေမှာ သိကြတဲ့အတိုင်း ပစ်ခတ်မှုတွေရှိခဲ့တဲ့အတွက် ခွင့်ပြုချက်တွေယူပြီးမှ သွားလာရမယ်။ သွားကယ်မယ့် လူတွေအတွက်အန္တရာယ်ဖြစ်မှာလည်း ထည့်တွက်ရတယ်” ဟု နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

၎င်းဆောက်ခတ်ကျေးရွာအနီးတွင်ရှိသည့် အောင်သာစည်ကျေးရွာဝင်ဝတွင် ဇွန်လ ၁၁ ရက်နေ့က မြန်မာ့ တပ်မတော်နှင့် AA တို့အကြားတိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

၎င်းနောက် တပ်မတော်စစ်ကြောင်းတစ်ခု ဆောက်ခတ်ကျေးရွာအတွင်းသို့ ဝင်ရောက်လာကာ နေရာယူထားသည်ဟု ဆိုသည်။

အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက“ စစ်ကြောင်း ဝင်လာတော့ ကျေးရွာသားတွေ ထွက်ပြေးကြတယ်။ မပြေးနိုင်တဲ့ ကလေးငယ်တွေနဲ့ မိန်းမတွေ၊ သက်ကြီးရွယ်အိုတွေဘဲ နေအိမ်တွေမှာ ကျန်နေခဲ့ကြတာ။ အခု ရွာထဲမှာ စစ်ကြောင်းရှိနေတော့ ထွက်ခွင့်လည်း မရဘူး။ စားနပ်ရိက္ခာတွေနဲ့ ဆေးဝါးများ ပြတ်လပ်နေပြီ” ဟု နိရဉ္စရာသတင်းဌာန အားပြောသည်။

ယခုအခါ ရွာထဲတွင် ကျန်နေသူ ၈ဝ ခန့်ရှိပြီး ရွာထဲမှနေပြီး တစ်ခြားနေရာများသို့ လက်နက်ကြီးများလည်း ပစ်ခတ်မှုများ ရှိနေသဖြင့် တိုက်ပွဲ ဖြစ်ပွားမည်ကို အထူး စိုးရိမ်နေကြသည်ဟု ပြောသည်။

ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက “ ရွာသားတွေက ကျွန်မဆီကို ဖုန်းဆက်ကြတယ်။ ရွာထဲမှာ ကျန်နေတဲ့ ရွာသားတွေကို ကယ်ထုတ်ပေးဖို့။ အဲဒီမှာ စားရေးသောက်ရေးလည်း အခက်အခဲ ဖြစ်နေကြတယ်လို့ ပြောတယ်။ လက်နက်ကြီးပစ်သံတွေလည်း ကြားနေကြရတော့ သူတို့ခမျာလည်း ကြောက်နေကြရတယ်” ဟု ပြောဆိုသည်။

ကျန်နေခဲ့သူများ အထဲတွင် သက်ကြီးရွယ်အို ဆယ်ယောက်ကျော်၊ ၁ဝ နှစ်အောက် ကလေးငယ် အယောက် ၁ဝ ကျော်နှင့် မသန်စွမ်းသူများလည်း ပါဝင်နေသဖြင့် ကယ်ထုတ်လာပေးရန် မျှော်နေကြကြောင်း ကျေးရွာထဲမှ အမျိုးသမီး နောက်ထပ် တစ်ဦးက ပြောသည်။

“အဒေါ်မှာတော့ ဆန်နည်းနည်းလောက်ကျန်သေးတယ်။ ဆရာတော်နဲ့ မသန်စွမ်းတဲ့ အဖိုး၊ အဖွားတွေကို ချက်ကျွေးနေရတယ်။ ဆီ၊ ဆား၊ ဆန် ဘာမှ မရှိတော့ဘူး။ ဝေမျှစားနေကြတယ်။ ကလေးတွေလည်း ဝမ်းပျက် ဝမ်းလျှော့ ဖြစ်နေတာရှိတယ်။ ကုန်ခြောက်ဆိုင်မှာလည်း ဘာမှ ပစ္စည်းတွေ မရှိတော့ဘူး။ စစ်သားတွေက ရွာထဲမှာ အေးဆေးနေ။ ထွက်မပြေးနဲ့။ ပြေးရင်ပစ်မယ်လို့ပြောတော့ ဘယ်သူမှ မထွက်ရဲကြဘူး။ အကုန် ငတ်ကြတော့မယ်။ ကယ်ထုတ်ပေးကြပါ” ဟု သူမက ပြောသည်။

အဆိုပါ ဆောက်ခတ်ကျေးရွာတွင် အိမ်ခြေ ၁ဝ၅ ဆောင်ခန့်ရှိပြီး လူဦးရေ ၅ဝဝ ကျော်နေထိုင်ကြောင်း လက်ရှိတွင် ကျေးရွာမှ ဇွန်လ ၁၁ ရက်နေ့က ထွက်ပြေးခဲ့သူများမှာ ရသေ့တောင်မြို့ပေါ်နှင့် တစ်ခြား အနီးအနားရှိ ကျေးရွာများသို့ ထွက်ပြေးခဲ့ကြကြောင်း ကျေးရွာသားများက ပြောသည်။

January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...
တစ်ချိန်က စစ်တွေမြို့လမ်းမများပေါ်တွင် ရခိုင်လူထုကို စစ်ရေးအင်အားပြပြီး ခြိမ်းခြောက်ခဲ့သည့် မြင်ကွင်းတစ်ခု (ပုံဟောင်းသာ)
January 8, 2026
အာရက္ခတပ်တော်(AA)မှ စစ်တွေမြို့ပြင်ရှိ ကာကင်းစခန်းများ၊ စစ်ကြောင်းများကို စတင်ထိုးစစ်ဆင်...
December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...