Covid-19 အရေးပေါ်ကာလ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့တွင် လောင်းကစားရုံဖွင့်လှစ်ရန် ဆောင်ရွက်နေသည့် တရုတ်နိုင်ငံသား ၃ ဦးအား ငါးဂိမ်းလောင်းကစားစက် (၁၀)လုံးနှင့်အတူ ဇွန်လ ၁၇ရက် နံနက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
နံနက် ၁၁နာရီအချိန်က မြဝတီမြို့ အမှတ် ၅ ရပ်ကွက် ကျောက်ဖျာဂိတ်အောင့်ချိုင့်လမ်းရှိ အဆောက်အဦးတစ်ခုတွင် လောင်းကစားရုံဖွင့်လှစ်ရန် ငါးဂိမ်းလောင်းကစားစက်များ ပြင်ဆင်နေကြောင်း သတင်းအရ မြဝတီရဲတပ်ဖွဲ့ဝင်များ၊ မြဝတီရှေ့တန်းရုံးမှ တပ်မတော်သားများ၊ နယ်ခြားစောင့် တပ်ဖွဲ့ဝင်များနှင့် ရာအိမ်မှူးတို့ပါဝင်သည့် ပူးပေါင်းအဖွဲ့က ဝင်ရောက်ရှာဖွေမှု ပြုလုပ်ခဲ့သည်။
ထိုသို့ ရှာဖွေမှု ပြုလုပ်စဉ် ယင်းအဆောက်အဦးအတွင်း ငါးဂိမ်းလောင်းကစားစက် ၁ဝ လုံးနှင့်အတူ တရုတ် နိုင်ငံသား Mr.My Yu Chhang Zhl အပါအဝင် (၃)ဦးအား လောင်းကစားရုံ ဖွင့်လှစ်ရန် ပြင်ဆင်နေကြောင်း တွေ့ရှိရသဖြင့် ဖမ်းဆီးကာ လောင်းကစားစက်များကို သိမ်းဆည်းခဲ့သည်ဟု ရဲတပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ လောင်းကစားပြုလုပ် ရန်ရည်ရွယ်ပြီး လောင်းကစားဂိမ်းစက်များနှင့်အတူ ဖမ်းဆီး ရမိသူ Mr.My Yu ChhangZhl အပါအဝင် တရုတ်နိုင်ငံသား (၃) ဦးအား သက်ဆိုင်ရာမှ လိုအပ်သည်များကို စစ် ဆေးမှုများ ပြုလုပ်၍ မြဝတီမြို့မရဲစခန်းတွင် တည်ဆဲဥပဒေအရ အမှုဖွင့်အရေးယူသွားမည်ဖြစ်ကြောင်း မြဝတီမြို့မရဲစခန်းမှ သိရသည်။
မြန်မာနိုင်ငံတွင် Covid-19 အရေးပေါ်ကာလကို ဇွန်လ ၃၀ ရက်နေ့ထိ သတ်မှတ်ထားပြီး ထိုအတောအတွင်း ကန့်သတ်ချက်များကြောင့် မြဝတီမြို့ရှိ လောင်းကစားရုံတစ်ချို့မှာ ရပ်နားထားသော်လည်း အချို့သော လောင်းကစားရုံများမှာ တိတ်တဆိတ် ဖွင့်လှစ်နေဆဲဖြစ်ကြောင်း မြို့နေပြည်သူများအကြား ပြောကြားမှုများရှိနေသည်။







