ပြည်နယ်အစိုးရ၏ လယ်ယာမြေဖော်ထုတ်မှုကြောင့် လီဒိုလမ်းမပေါ်ကျေးရွာ ၂ ခုအငြင်းပွားဖွယ်ရှိနေ

ပြည်နယ်အစိုးရ၏ လယ်ယာမြေဖော်ထုတ်မှုကြောင့် လီဒိုလမ်းမပေါ်ကျေးရွာ ၂ ခုအငြင်းပွားဖွယ်ရှိနေ

အစိုးရ၏ ဟူးဟောင့်ချိုင့်ဝှမ်းဒေသ လီဒိုလမ်းမပေါ်ရှိ စံပြ ရွေ့ပြောင်းကျေးရွာသစ်အတွက် မြေယာအသစ်ဖော်ထုတ်မှုကို အစိုးရက နှောင်းမီကျေးရွာတွင် လုပ်ဆောင်နေသောကြောင့် ကျေးရွာ ၂ ခုကြား ပဠိပက္ခဖြစ်လာမည့်အခြေအနေရှိနေသဖြင့် အမြန်ဖြေရှင်းပေးရန် တောင်းဆိုနေကြသည်။

ဖားကန့်မြို့နယ် မြေယာဖော်ထုတ်ရေးကော်မတီက စံပြကျေးရွာအတွက် မြေဧက ၂၀၀ ကျော်ကို ၎င်းကျေးရွာနှင့် မိုင် ၂၀ ကျော်ကွာဝေးသော နှောင်းမီကျေးရွာတွင် လွန်ခဲ့သည့်မတ်လ ကတည်းက စတင်ဖော်ဆောင်ခဲ့ရာ နှောင်းမီဒေသခံများက ကန့်ကွက်နေဆဲဖြစ်သည်။

လယ်ယာမြေဖော်ထုတ်ပေးရန် နှောင်းမှီကျေးရွာဒေသခံမှ တောင်းဆိုခြင်းမရှိသော်လည်း စံပြကျေးရွာကသာ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

သို့သော် ပြည်နယ်အစိုးရ၏ ညွန်ကြားစာတွင် ‘နှောင်းမီစံပြကျေးရွာ’ တွင် ဟု ကျေးရွာ ၂ ခုကိုရောထွေးစွာ ဖော်ပြခဲ့သဖြင့် ကျေးရွာ ၂ ခုကြား အငြင်းပွားဖွယ် အခြေအနေဖြစ်နေသည်ဟု ဆိုသည်။

“ညွန်ကြားစာမှာက ‘နှောင်းမှီစံပြကျေးရွာ’ လို့စာထွက်လာတယ်။ စာထဲမှာကိုက မြေနေရာရှာခိုင်းတာပေါ့။ ညွန်ကြား စာက ဝန်ကြီးရုံးကနေ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးကထွက်လာတာပေါ့။ အဲ့မှတဆင့် ကျနော်တို့ကို ကွင်းဆင်းခိုင်းတယ်။ နောက်စံပြ ကျေးရွာအနီးတဝိုက်မှာ ကမြေနေရာလွတ်တာမရှိဘူးလေ။ စာမှာကိုက နှောင်းမီပါနေတော့ အဲ့ဒီကို ပြန်ရှာတာပေါ့။ အဲ့မှာက မြေလွတ်မြေလပ်ရှိနေတော့ တင်ပေးလိုက်တာပေါ့။ လက်ရှိအခြေအနေမှာလည်း စံပြတောင်သူအတွက်ဖြစ်တယ်လို့၊ နောက် နှောင်းမှီတောင်သူတွေအတွက်ဖြစ်တယ်လို့ ၂ ဦး စလုံးကို တိတိကျကျ ချမှတ်ပေးတာမရှိသေးပါဘူး”ဟု ဖားကန့်မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်ဇော်လင်းက ပြောဆိုသည်။

လယ်ယာမြေဖော်ထုတ်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူးများက ကွင်းဆင်းစစ်ဆေးခဲ့ချိန် ဒေသခံများအတွက် ဆောင်ရွက်ပေးမည့်အကြောင်း ပြောဆိုခဲ့သောကြောင့် အဆိုပါလုပ်ငန်းကို ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်ဟု နှောင်းမီဒေသခံ ဦးဆိုင်းအောင်က သတင်းဌာန KNG ကိုပြောသည်။

“ဒီမှာလုပ်ငန်းစတင်ခဲ့တဲ့အချိန်မှာ မြို့နယ်ကနေ ကွင်းဆင်းစစ်ဆေးခဲ့တယ်။ ကျနော်တို့ဒေသခံတွေက ဒီနေရာမှာ မလုပ်ဖို့ ငြင်းပယ်ခဲ့တာရှိတယ်။ ဘာကြောင့်လဲဆိုတော့ ဒေသခံတွေက မြေလွတ်မြေလပ်လျှောက်ထားတဲ့နေရာ ဖြစ်တယ်။ ဒါပေမယ့် သူတို့က နိုင်ငံတော်ရံပုံငွေကျထားတဲ့အတွက် လုပ်ရင်လည်းဒေသခံတွေအတွက်သာ ဖြစ်လိုပြောခဲ့တယ်။ အခုက လယ်ယာမြေဖော်ထုတ်တာကလည်း ပြီးခါနီးတော့ ကျေးရွာသားတွေအတွက်မဟုတ်ဘဲ စံပြကျေးရွာဘက်က တောင်သူတွေအတွက် လုပ်ပေးတာ ဖြစ်တယ်လို့ ပြောလာတယ်။ အဲ့တော့ အခုဖော်ထုတ်ထားတဲ့ မြေယာတွေက ခွဲဝယ်ယူလို့လဲမရ ပြဿနာတက်နေတာပေါ့” ဟုပြောသည်။

လက်ရှိမြေယာဖော်ထုတ်ထားသည့်နေရာကို နောင်းမီဒေသခံများက ယုဇနကုမ္ပဏီမှ ပြန်လည်ရယူထားသည့် နေရာဖြစ်သည့်အပြင်၊ ၂၀၁၈ခုနှစ်တွင် မြေလွတ်မြေလပ်လျှောက်ထားသောနေရာဖြစ်သောကြောင့် နှောင်းမီဒေသခံများကိုသာ ရစေလိုကြောင်း ဆက်လက်ပြောဆိုသည်။

ဝါရာဇွပ်ကျေးရွာအုပ်စုတွင်ပါဝင်သော စံပြကျေးရွာတောင်သူ ၂၅ဦးက တနိုင်တပိုင် တောင်ယာလုပ်ငန်းလုပ်ကိုင်လိုသဖြင့် လယ်ယာမြေဖော်ထုတ်ပေးရန် ကချင်ပြည်နယ်လီဆူတိုင်းရင်းသား ရေးရာဝန်ကြီး၏ လမ်းညွန်မှုဖြင့် ပြည်နယ်အစိုးရထံသို့ ၂၀၁၉ခုနှစ်တွင် တင်ပြတောင်းဆိုခဲ့သည်ဟု ဆိုသည်။

ထို့အပြင် နှောင်းမှီကျေးရွာတွင်ဖော်ထုတ်ထားသည့် မြေဧကများကို စံပြကျေးရွာတောင်သူများအတွက် ခွဲဝေပေးရန် လယ်ယာမြေနှင့်ဆည်မြောင်းဝန်ကြီး၊ လီဆူရေးရာဝန်ကြီးနှင့် ပြည်နယ်မြေစားရင်းဦးစီးမှူးတို့ ၃ဦး လက်မှတ်ပါသည့် ညွန်ကြားစာကို နှောင်းမှီအုပ်ချုပ်ရေးမှုးက မတ်လတွင်ရရှိခဲ့သည်ဟု သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး လီဆူတိုင်းရင်းသားရေးရာဝန်ကြီး ဦးအားတီယောဟန်က “ကျနော်တို့ သိထားသလောက်ပြောရမယ်ဆိုရင် စံပြကျေးရွာနဲ့ နှောင်မီဒေသခံပြည်သူတွေနဲ့ ဘာကြောင့် ပြသနာဖြစ် လာရသလဲဆိုတော့ အောက်ခြေမှာ အစိုးရက လယ်ယာမြေဖော်ထုတ်ပေးဖို့ တာဝန်ပေးလိုက်တဲ့သူရဲ့ ပြတ်သားမှု မရှိတဲ့ တစ်ကြောင်း၊ ပြည်နယ်အစိုးရကလည်း နေရာကြိုတင်ရှာထားခြင်းမရှိဘဲနဲ့ ပြည်သူတောင်းခံထားတဲ့ဟာကို ဘတ်ဂျက် ချပေးလိုက်တယ်။ အချိန်အခါအရဆို မသုံးလို့မရတော့ဘူး။ အဲ့တော့ ချပေးတဲ့အခါမှ ဟိုနေရာ ရှာလိုက်နဲ့ ပတ်ချာလည်သွားတဲ့အခါ နောက်ဆုံး နှောင်းမှီမှာ သွားဖော်တယ်။ အဲ့မှာမဖော်ခင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ဒေသခံတွေကို သေချာညိနှိုင်းတိုင်ပင်ရမှာဖြစ်တယ်။ အခုက မှန်မှန်ကန်ကန်နဲ့ အလုပ်မလုပ်တဲ့အတွက် ဖြစ်လာတဲ့ ပြဿနာ ဖြစ်တယ်” ဟု ပြောသည်။

စံပြကျေးရွာတောင်သူများက စားဝတ်နေရေးအလွန်ခက်ခဲနေသည့်အတွက် အစိုးရကချပေးသည့်မည်သည့်နေရာတွင်မဆို ရယူသွားဖို့သာရှိကြောင်း စံပြကျေးရွာမှ ဦးနော်ဖားလော် က ကချင်သတင်းဌာန KNG ကို ပြောဆိုခဲ့သည်။

လက်ရှိ မြေပြင်ပဠိပက္ခအခြေအနေကို မြို့နယ်က ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ပြည်နယ်အစိုးရထံ တင်ပြပြီးထားပြီဖြစ်သောကြောင့် ပြန်လည်ညွန်ကြားလာသည့်အတိုင်း ထပ်မံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖားကန့်မြို့နယ် စိုက်ပျိုးရေးဦးစီးမှူးက ပြောသည်။

ဟူးကောင်းချိုင့်ဝှမ်းဒေသ လီဒိုလမ်းကျေးရွာများတွင် ဒေသခံများနှင့် ယုဇနကုမ္ပဏီတို့ကြား မြေယာပြဿနာဖြစ်နေရာမှ ယခုအချိန်တွင် အစိုးရ၏ညွန်ကြားချက်ကြောင့် ကျေးရွာ ၂ ခုကြားမြေယာအငြင်းပွားမှု ဖြစ်လာနိုင်ခြေရှိနေသည်ဟု ဒေသခံများက ပြောသည်။

Most read this week

August 22, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်အတွင်း ဩဂုတ်လ ၂၀ ရက်နေ့အထိ စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများ...
ဓာတ်ပုံ –  KIA နှင့် ပြည်သူများကြား ညှိနှိုင်းမှုများ ပြုလုပ်နေစဉ်။
August 21, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်းသွား လမ်းပေါ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဂိတ်ကို...
မန္တလေး-မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း မော်တော်ယာဉ်များ ပိတ်ဆို့နေသည့် မြင်ကွင်း။
August 21, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း ယာဉ်များ ပုံမှန် အသုံးပြုနေသည့်...
ဓာတ်ပုံ - (မြစ်ကြီးနား - မန္တလေး ကားလမ်းပေါ်ရှိ မော်လူးဂိတ်)
August 19, 2026
မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ ကုန်စည်သယ်ယူရာတွင် အသုံးပြုနေရသည့် ကွင်းလမ်းများ၌...