စစ်တွေ ဆတ်ရိုးကျလယ်သမားများ ထွန်တုံးတိုက်ပွဲဆက်လက်ဆင်နွှဲ

စစ်တွေ ဆတ်ရိုးကျလယ်သမားများ ထွန်တုံးတိုက်ပွဲဆက်လက်ဆင်နွှဲ

စစ်တွေမြို့ဆတ်ရိုးကျမှ လယ်သမား ၄ ဦးသည် စက်မှုဇုန်စီမံကိန်းအတွက် အကြောင်းပြသိမ်းဆည်းထားသော ၎င်းတို့၏ လယ်မြေပေါ်တွင် ဒုတိယအကြိမ်မြောက် ထွန်တုံးတိုက်ပွဲ ဆက်လက်ဆင်နွှဲခဲ့ကြသည်။

ဇွန်လ ၁၄ ရက်နေ့ပြုလုပ်ခဲ့သည့် ထွန်တုံးတိုက်ပွဲတွင် ပါဝင်ဆင်နွှဲခဲ့ကြသော လယ်ပိုင်ရှင်များမှာ ဆတ်ရိုးကျရပ်ကွက်မှ ဦးရန်မျိုးအောင်၊ ဦးကျော်မောင်၊ ဦးဦးထွန်မောင်နှင့် ဒေါ်မသာနုတို့ ဖြစ်ကြသည်။

ထွန်တုံး တိုက်ပွဲ ဆင်နွှဲရာတွင် ပါဝင်သူ လယ်မြေသိမ်းခံထားရသည့် ဦးရန်မျိုးအောင်က “ ကျနော်တို့ လယ်သမားတွေက ကိုယ့်လယ်မြေကို ကိုယ်လိုချင်တယ်။ လျော်ကြေးဆိုရင်လည်း ထိုက်ထိုက်တန်တန် လိုချင်တယ်။ ဒါကြောင့် ကိုယ့်လယ်မြေပေါ်မှာ ခုလို ထွန်တုံးတိုက်ပွဲ ဆင်နွှဲရတာပါ”ဟု ဆိုသည်။

၁၉၉၃-၉၄ ခုနှစ် စစ်အစိုးရလက်ထက်က စစ်တွေ စက်မှုဇုံဆောက်လုပ်ရန် အတွက် ဆတ်ရိုးကျနှင့် ကျေးတောကျေးရွာမှ လယ်သမား ၂၃ ဦးပိုင်ဆိုင်သော လယ်မြေဧက ၁၂၄ ဒဿမ ၄၇၉ ဧကကို လျော်ကြေး၊ နစ်နာကြေး တစ်စုံတစ်ရာ မပေးဘဲ သိမ်းဆည်းခဲ့သည်ဟု ၎င်းတို့က ပြောသည်။

“ အစိုးရ စက်မှုဇုန်တည်ဆောက်မယ်ဆိုပြီး သိမ်းတယ်။ အဲဒီ စက်မှုဇုန် စီမံကိန်းက ပျက်သွားတာကြာပြီ။ လယ်သမားတွေက လယ်တွေကို ပြန်ပေးရမယ့် အစား ပြန်မပေးဘဲ ပြည်နယ်အာဏာပိုင်တွေ၊ နိုင်ငံရေး သမားတွေနဲ့ ခရိုနီတွေက ခွဲဝေ ယူထားကြတယ်။ ဒါက လုံးဝ မတရားတဲ့ ကိစ္စဖြစ်တယ်” ဟု ဦးရန်မျိုးအောင်က ပြောသည်။

ရခိုင်လူ့အခွင့်အရေးကာကွယ်မြင့်တင်သူများအဖွဲ့မှ ထုတ်ပြန်ချက်တွင် ၎င်းမြေများကို ယခင် အစိုးရ လက်ထက်တွင် ခွဲဝေပေးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြပြီး ခွဲဝေပေးထားသော မြေစာရင်းတွင် ယခင် ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ်လုပ်ခဲ့သူနှစ်ဦး၏ အမည်များ ပါဝင်နေသည့် အပြင် ပြည်နယ်အစိုးရဝန်ကြီးများ၊ အစိုးရအရာရှိကြီးများ၊ နိုင်ငံရေးပါတီမှ ခေါင်းဆောင်များ၏ အမည်များ ပါဝင်နေသည်ကို တွေ့ရှိရသည်။

ထိုသို့ အမည်များပါဝင်နေသော်လည်း လယ်မြေပိုင်ရှင်များက လက်ရှိ ထွန်တုန်းတိုက်ပွဲ ဆင်နွှဲနေခြင်းနှင့် ပတ်သက်ပြီး ၎င်းတို့၏ တစ်စုံတစ်ရာ တုံ့ပြန်မှုများ ပေါ်ထွက်လာခြင်း မရှိသေးပေ။

ရခိုင်လူ့အခွင့်အရေးကာကွယ်မြင့်တင်သူများအဖွဲ့ဒါရိုက်တာ ဦးမြတ်ထွန်းက “ လယ်ယာမြေ သိမ်းဆည်း ခံရမှုနဲ့ ပတ်သက်လို့ လယ်သမားတွေဟာ အခွင့်ရေး ချိုးဖောက်ခံရတာ ဖြစ်တယ်။ အခုသူတို့က ဆုံးရှုံးသွားတဲ့ လယ်ယာမြေကို ပြန်လည်ရရှိရေး အတွက် တရားဝင်အနေနဲ့ အထက်အဆင့်ဆင့် တိုင်ကြားပြီး စုပေါင်းပြီး ထွန်တုံး တိုက်ပွဲဆင်နွှဲတာဖြစ်တယ်။ သူတို့လုပ်ရပ်ဟာ မှန်ကန်တဲ့ လုပ်ရပ်တစ်ခုလည်း ဖြစ်ပါတယ်” ဟုပြောသည်။

ထွန်တုံးတိုက်ပွဲ ဆင်နွှဲရာတွင် လယ်မြေဧက ၁ဝ ကျော် ခန့်ကို လယ်ထွန်စက်တစ်စီးဖြင့် ထွန်းယက်ခဲ့ကြပြီး ၎င်းတို့ကို ဘဝတူလယ်သမားများက ဝန်းရံပေးခဲ့ကြသည်ဟု လယ်သမားများက ပြောသည်။

“ လယ်သမားတွေဆိုတော့ လယ်တစ်ခုဘဲ လုပ်တတ်တယ်။ တစ်ခြားအလုပ်တွေက မလုပ်တတ်တဲ့အတွက် စားဝတ်နေရေး အခက်အခဲ ကိစ္စတွေကို ကျနော်တို့ အသေအလဲ ခံစားခဲ့ရတယ်။ နောက်ပြီး သားသမီး ပညာ သင်ကြားရေးမှာလည်း အခက်အခဲတွေက မျိုးစုံဖြစ်လာတယ်။ တစ်ချို့ဆိုရင် တောင်းရမ်းစားသောက်ရတဲ့ အဆင့်ထိတောင် ရောက်သွားတယ်” ဟု ဦးရန်မျိုးအောင်က ပြောသည်။

၎င်းမြေများနှင့် ပတ်သက်၍ ပြည်နယ်အစိုးရအဖွဲ့မှ မြေတစ်ဧကကို ကျပ်သိန်း ၃ဝ နှုန်းဖြင့် လျော်ကြေးပေးမည်ဟု ပြောဆိုထားသည်။

မြေပိုင်ရှင်များက ထိုကမ်းလှမ်းချက်အပေါ် လက်မခံဘဲ အဆောက်အဦးဆောက်လုပ်ထားသော မြေများကို ကာလပေါက်ဈေးအတိုင်းပေးရန်နှင့် အဆောက်အဦး မဆောက်ရသော လယ်မြေများကို မူလပိုင်ရှင်ကို ပြန်ပေးရမည်ဟု လယ်သမားများက တောင်းဆိုနေကြသည်။

ဇွန်လ ၁၄ ရက်နေ့ ထွန်တုံးတိုက်ပွဲနှင့် ဇွန်လ ၉ ရက်နေ့က ပထမဆုံး အကြိမ် ပြုလုပ်သည့် ထွန်းတုံး တိုက်ပွဲတွင် အာဏာပိုင်များက တစ်စုံတစ်ရာ ဝင်ရောက်ဟန့်တားခဲ့ခြင်း မရှိကြောင်း သိရှိရသည်။

January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...
တစ်ချိန်က စစ်တွေမြို့လမ်းမများပေါ်တွင် ရခိုင်လူထုကို စစ်ရေးအင်အားပြပြီး ခြိမ်းခြောက်ခဲ့သည့် မြင်ကွင်းတစ်ခု (ပုံဟောင်းသာ)
January 8, 2026
အာရက္ခတပ်တော်(AA)မှ စစ်တွေမြို့ပြင်ရှိ ကာကင်းစခန်းများ၊ စစ်ကြောင်းများကို စတင်ထိုးစစ်ဆင်...
December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...