မြို့နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းများ စိစစ်ရေးကော်မတီဖွဲ့စည်းရန် ANP ပါတီညွှန်ကြား

မြို့နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းများ စိစစ်ရေးကော်မတီဖွဲ့စည်းရန် ANP ပါတီညွှန်ကြား

ဆောင်းဇာခြည် — လာမည့် ၂ဝ၂ဝ ခုနှစ် နိုဝင်ဘာလအတွင်းကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မြို့နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းများ စိစစ်ရေးကော်မတီဖွဲ့စည်းရန် ရခိုင်အမျိုးသားပါတီ (ANP) မှ မြို့နယ်ရုံးများသို့ ညွှန်ကြားချက် ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

၎င်းညွှန်ကြားချက်ကို ပါတီ၏ အထွေထွေ အတွင်းရေးမှူး ဦးခိုင်ပြည်စိုးမှ လက်မှတ်ရေးထိုးပြီး ဇွန်လ ၁၂ ရက်နေ့က ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဦးသာထွန်းလှက “ရခိုင်တစ်ပြည်လုံးက မြို့နယ်တွေမှာ ဒီစိစစ်ရေး ကော်မတီကို ဖွဲ့ရမှာပါ။ တရားဝင်နိုင်ငံရေးပါတီဆိုတာက ဘာပဲဖြစ်ဖြစ် ရွေးကောက်ပွဲကျင်းပရင် ရွေးကောက်ပွဲ အနည်းဆုံး ၃ နေရာ ဝင်ရောက်ယှဉ်ပြိုင်ရမယ်ဆိုတာ ဥပဒေမှာ ရှိတယ်။ ရွေးကောက်ပွဲကလည်း နိုဝင်ဘာလ ဆိုတော့ လကလည်း သိပ်မကျန်တော့ဘူးဆိုတော့၊ အဲဒါကြောင့် ကြိုတင်ပြင်ဆင်မှုတစ်ရပ်အနေနဲ့ မြို့နယ်တွေမှာ စိစစ်ရေးကော်မတီ ကြိုတင်ဖွဲ့စည်းဖို့အတွက် ညွှန်ကြားချက် ထုတ်လိုက်တာဖြစ်တယ်” ဟု နိရဉ္စရာသို့ ပြောသည်။

လာမည့်ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း စိစစ်ရေးကော်မတီဖွဲ့စည်းရန် ဇွန်လ ၇ ရက်နေ့နှင့် ၈ ရက်နေ့တို့က ရခိုင်အမျိုးသားပါတီ (ANP) ဗဟိုဌာနချုပ်ရုံး၌ အစည်းဝေးတစ်ရပ်ကျင်းပပြုလုပ်ပြီး ဆုံးဖြတ်ခဲ့ကြသည်။

“ ရခိုင်မှာ ရွေးကောက်ပွဲ ဖြစ်ရင်တော့ ရွေးကောက်ပွဲဝင်ရမှာပေါ့။ ရွေးကောက်ပွဲ ဖြစ်ရင်တော့ တစ်ပြည်နယ်လုံး အတိုင်းအတာနဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ ဖြစ်ဖို့ မဖြစ်ဖို့ကတော့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်ပါလိမ့်မယ်။ ပါတီတစ်ရပ်အနေနဲ့တော့ မှတ်ချက်ချ ပြောဆိုဖို့ မသင့်တော်ဘူးထင်ပါတယ်” ဟု ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောသည်။

မြို့နယ် စိစစ်ရေးကော်မတီကို လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းမည့်သူ မဟုတ်သော အဖွဲ့ဝင် (၅) ဦးဖြင့်သာ ဖွဲ့စည်းကြရမည်ဖြစ်ကြောင်း၊ မြို့နယ် ကော်မတီများ၏ လွှတ်တော် ကိုယ်စားလှယ်လောင်း စိစစ်ရေးကော်မတီ စာရင်းကို ဇွန်လ ၂၅ ရက်နေ့ကို နောက်ဆုံးထား၍ ပါတီ ဗဟိုဌာနချုပ်သို့ ပို့ပေးရမည်ကြောင်း သိရှိရသည်။

April 21, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ကမ်းရိုးတန်းမှတစ်ဆင့် တောင်ကုတ်နှင့်ရမ်းဗြဲမြို့နယ်များအား...
April 20, 2026
ကျော်သီဟ — ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာကို အကြမ်းဖက်စစ်‌ကော်မရှင်လေတပ်က ဧပြီ (...
April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...