ရစ်ချက် – ချင်းပြည်နယ်နှင့်နယ်နိမိတ်ချင်းထိစပ်နေသည့် မီဇိုရမ်ပြည်နယ်တွင် တစ်ပတ်အတွင်း Covid-19 ကူးစက်ခံထားရသူ အတည်ပြုလူနာ (၄၁) ဦးအထိ ရှိနေပြီဖြစ်ကြောင်း သိရသည်။
မီဇိုရမ်ပြည်နယ်တွင် Covid-19 ရောဂါပိုးကူးစက်ခံထားရသူ ယခင်ကတစ်ဦးသာရှိခဲ့ပြီး ထုသူသည်လည်း ရောဂါပိုးမတွေ့တော့သည့်အတွက် ဆေးရုံမှဆင်းခဲ့ပြီးဖြစ်သည်။
ထို့ကြောင့် မီဇိုရမ်ပြည်နယ်တွင် Covid-19 ရောဂါပိုးကူးစက်ခံရသူ အချိန်အတော်ကြာ မတွေ့ရှိတော့သည့်နောက်ပိုင်း ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့က Covid-19 ရောဂါပိုးကူးစက်ခံရသူ (၁၂) ဦး ပြန်လည်တွေ့ရှိခဲ့ပြီး ဇွန်လ ၇ ရက်နေ့အထိ Covid-19 ရောဂါပိုးကူးစက်ခံထားရသူ (၄၁) ဦးအထိ ရှိနေပြီးဖြစ်ကြောင်း မီဇိုရမ်ပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက သတင်းထုတ်ပြန်သည်။
Covid-19 ရောဂါပိုးကူးစက်ခံထားရသူ (၄၁) ဦးတို့မှာ အိန္ဒိယနိုင်ငံ ပြည်နယ်အသီးသီးတို့မှ နေရပ်ပြန်လာပြီး Facility Quarantine ဝင်ထားသူများဖြစ်ကြကာ Covid-19 ပိုးတွေ့လူနာကုသပေးလျက်ရှိသည့် Zoram Medical College တွင် ကုသမှုခံယူနေကြကြောင်း သိရသည်။
မီဇိုရမ်ပြည်နယ်တွင် Covid-19 ရောဂါပိုးကူးစက်ခံထားရသူ စုစုပေါင်း (၄၂) ဦးရှိပြီး၊ အဆိုပါ (၄၂) ဦးအနက် (၃၈) ဦးတို့မှာ နယူးဒေလီကမှ ပြန်လာကြသူများဖြစ်ပြီး၊ ကာလကတ္တားမြို့မှ ပြန်လာသူ (၂) ဦး၊ Gujarat မြို့မှ ပြန်လာသူ (၁) ဦး နှင့် နေသာလန်နိုင်ငံမှ ပြန်လာသူ (၁) ဦးတို့ဖြစ်သည်။
ယခုလို တစ်ကမ္ဘာလုံးတွင်ဖြစ်ပွားလျက်ရှိသော Covid-19 ကြောင့် အိန္ဒိယနိုင်ငံပြည်နယ်အသီးသီးတွင် သောင်တင်နေ ကြသော မီဇိုရမ်ပြည်နယ်သားများ သောင်းနဲ့ချီ အစိုးရအစီစဉ်ဖြင့် အစုလိုက်ပြန်လာကြသည့်အချိန်ဖြစ်သောကြောင့် မီဇိုရမ်တွင် Covid-19 ရောဂါပိုးကူးစက်ခံထားရသူဦးရေ ထပ်တိုးလာဖွယ်ရှိနေကြကြောင်း အများက သုံးသပ်သည်။







