တောင်ကုတ်မြို့နယ် ချက်ဖောက်ရွာမှ ဖမ်းဆီးခံထားရသူ ၅ ဦးအထဲမှ ၃ဦးလွတ်မြောက်လာ

တောင်ကုတ်မြို့နယ် ချက်ဖောက်ရွာမှ ဖမ်းဆီးခံထားရသူ ၅ ဦးအထဲမှ ၃ဦးလွတ်မြောက်လာ

အိမ်စိုးဖြူ — ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် မအီမြို့ အနီး ချက်ဖောက်ကျေးရွာမှ ဖမ်းဆီးခံထားရသူ ကျေးရွာသား ၅ ဦးအနက် သုံးဦးမှာ ဇွန်လ ၇ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ပြန်လည်လွတ်မြောက်လာပြီး၊ ကျန်နှစ်ဦးမှာ မလွတ်မြောက်လာသေးသဖြင့် မိသားစုဝင်များစိုးရိမ်နေကြောင်း သတင်းရရှိသည်။

ပြန်လည်လွတ်မြောက်လာသူများမှာ ဦးကံဇော်(၄၄)နှစ်၊ ကိုနိုင်ချေ(၂၆)နှစ်နှင့် မောင်နိုင်နိုင်လင်း(၁၈) နှစ်တို့ ဖြစ်ကြသည်။

ချက်ဖောက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ဝင်းက “မနေ့က သူတို့မိဘတွေနဲ့ ကျွန်တော်နဲ့အတူ သွားခေါ် တာပါ။ မအီမြို့က တပ်ရင်းကပါ။ တပ်ရင်း နာမည်တော့ မသိတော့ဘူး။ သူတို့မိဘတွေကို သားတွေ ကိုယ်ပေါ်မှာ ဒဏ်ရာ၊ ဒဏ်ချက်ပါမပါ စစ်ဆေးခိုင်းပြီး လက်မှတ်ထိုးပြီး ပြန်လွတ်ပေးတယ်။ ဒဏ်ရာမပါပါဘူး။ ပြန်မလွတ်သေးတဲ့ နှစ်ယောက်အကြောင်းတော့ ဘာမှ မပြောဘူး ” ဟု နိရဉ္စရာသတင်းဌာနအား ပြောသည်။

ပြန်လည်လွတ်မြောက်လာသူ မောင်နိုင်နိုင်လင်းအား ဆက်သွယ်ရာ ၎င်းမှာ ပြန်လည် လွတ်မြောက်လာပြီ ဖြစ်ကြောင်းပြောဆိုသော်လည်း နောက်ထပ်တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိပါ။

ဆက်လက် ဖမ်းဆီးခံထားရသူ နှစ်ဦးမှာ ဦးကျော်တင်အောင်(၃၇)နှစ်နှင့် မောင်မြင့်အေးသန်း(ခ) ငမိုး (၁၈)နှစ် တို့ဖြစ်ကြပြီး သူတို့နှစ်ဦးကို ဇွန်လ ၃ ရက်နေ့က တပ်မတော် စစ်ကြောင်းက ဖမ်းဆီးခဲ့သည်။

မောင်မြင့်အေးသန်း(ခ)ငမိုး၏ မိခင်ဖြစ်သူ ဒေါ်သန်းမြအေးက “ကျွန်မသားလေးနဲ့ နောက်တစ်ယောက်က မလွတ်သေးပါဘူး။ ဖမ်းသွားတဲ့နေ့က စစ်သား သုံးလေးဆယ်လောက်က အိမ်ကိုတန်းလာပြီးဖမ်းတာပါ။ ကျွန်မသားလေး ရင်ဖက်မှာ ငှက်ပုံ ရခိုင်တံဆိပ်နဲ့ဖြစ်လို့ ဖမ်းတယ်လို့သိရတယ်။ သူ့မှာ ခြေထောက် တစ်ဖက်လည်းမကောင်းဘူး။ အကြောပိတ်ရောဂါကြောင့် သိပ်သွားလာလို့ရတဲ့သူလည်း မဟုတ်ပါဘူး။ ပြန်လွတ်စေချင်တာပေါ့ရှင်။ သူများတွေလွတ်ပြီးသူပြန်မလွတ်သေးတော့ စိုးရိမ်တယ်။ မနက်ဖြန် အဲဒီတပ်ကို သွားမေးမလို့ပါ” ဟုပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍မေးမြန်းရန် တောင်ကုတ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်အား ဆက်သွယ်ရာ ဆက်သွယ်မှုမရရှိခဲ့ပါ။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီးလည်းဖြစ်၊ တောင်ကုတ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဦးဝင်းမြင့်က အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ၎င်းထံသို့ တစ်စုံတစ်ရာ ဆက်သွယ်လာမှုမရှိသည့်အတွက် သိရှိထားခြင်းမရှိကြောင်း နိရဉ္စရာအားပြောသည်။

ယခု လွတ်မြောက်လာသူ ဦးကံဇော်၊ ကိုနိုင်ချေနှင့် မောင်နိုင်နိုင်လင်း တို့သည် ဇွန်လ ၁ ရက်နေ့က မအီမြို့တွင် ရွာသားများနှင့် အတူ ဈေးပြုနေစဉ် ဖမ်းဆီးခံရပြီး ၂ ရက် အကြာ ဇွန်လ ၃ ရက်နေ့ နံနက်ပိုင်းတွင် ဦးကျော်တင်အောင်နှင့် မောင်မြင့်အေးသန်း(ခ) ငမိုးတို့ ရွာထဲမှ ထပ်မံဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်များမှ သိရသည်။

April 21, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ကမ်းရိုးတန်းမှတစ်ဆင့် တောင်ကုတ်နှင့်ရမ်းဗြဲမြို့နယ်များအား...
April 20, 2026
ကျော်သီဟ — ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာကို အကြမ်းဖက်စစ်‌ကော်မရှင်လေတပ်က ဧပြီ (...
April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...