ရပ်ကျေးအုပ်ချုပ်ရေးမှူးသုံးယောက်ဖမ်းဆီးခံရပြီးနောက် မြေပုံမြို့နယ်မှ ရပ်/ကျေး အုပ်ချုပ်ရေးမှူး ၆၂ ဦးနုတ်ထွက်စာတင်

ရပ်ကျေးအုပ်ချုပ်ရေးမှူးသုံးယောက်ဖမ်းဆီးခံရပြီးနောက် မြေပုံမြို့နယ်မှ ရပ်/ကျေး အုပ်ချုပ်ရေးမှူး ၆၂ ဦးနုတ်ထွက်စာတင်

ထွန်းခိုင် — ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်မှ ရပ်/ ကျေး အုပ်ချုပ်ရေးမှူး ၃ ဦး အကြမ်းဖက်ဥပဒေဖြင့် တရားစွဲခံရပြီးနောက် ကျန် ရပ်/ ကျေးအုပ်ချုပ်ရေးမှူး ၆၂ ဦးသည် ဇွန်လ ၅ ရက် နေ့လယ်က နုတ်ထွက်စာ တင်ခဲ့ကြောင်း သိရှိရသည်။

မြေပုံမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၉ ရပ်ကွက်ရှိပြီး ကျေးရွာအုပ်စု ၅၉ အုပ်စု ရှိကြောင်း သိရှိရသည်။

မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ နုတ်ထွက်စာတင်ခြင်းမှာ ဟုတ်မှန်ကြောင်း အတည်ပြုပြောကြားသည်။

“သူတို့ နုတ်ထွက်စာတင်တာကို အတည်ပြုလို့ရပါတယ်။ အများစုက နုတ်ထွက်စာတင်ပါတယ်။ ကျန်ရင်လည်း နှစ်ယောက်သုံးယောက်ပေါ့” ဟု ပြောကြားသည်။

လက်ရှိ နုတ်ထွက်စာတင်သော ရပ်/ကျေးအုပ်ချုပ်ရေးမှူးမှာ ၆၂ ဦးဖြစ်ပြီး ဖမ်းဆီးခံရသူ ၃ ဦးနှင့် ဆိုလျှင် ၆၅ ဦးရှိကြောင်း၊ နုတ်ထွက်စာမတင်ရသေးသူ အုပ်ချုပ်ရေးမှူးမှာ ၃ ဦး ရှိသေးကြောင်း အမည်မဖော်လိုသော ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးက ပြောသည်။

"ကျနော်တို့ မြောက်ဦးခရိုင်မှာဆိုရင် မြေပုံမြို့နယ်ဆိုတာ တိုက်ပွဲဖြစ်နေတဲ့ နယ်မြေမဟုတ်ဘူး။ အခုအုပ်ချုပ်ရေးမှူးတွေကို ပစ်မှတ်ထားလိုက်ဖမ်းပြီး အကြမ်းဖက်ဥပဒေပုဒ်မတွေနဲ့တရားစွဲနေတယ်ဆိုရင် ကျနော်တို့ဆက်လက်ပြီး ဘယ်လို့တာဝန်ထမ်းဆောင်မှာလဲ။ ကျနော်တို့ နယ်မြေမှာ အကြမ်းဖက်ဆိုတာလည်းမရှိဘူး။ ဒီလိုမျိုးလုပ်ရပ်တွေကို ကျနော်တို့ တစ်ခြား ဘယ်မြို့မှာမှ မတွေ့ရဘူး။ မသင်္ကာဘူးဆိုရင် စစ်ဆေးမေးမြန်းပါ။ ပြီးရင် ပြန်လွှတ်ပေး အဲလိုဆိုရင် ကျနော်တို့ကျေနပ်တယ်။ အခုဆိုရင်ကျနော်တို့မှာ အကြောက်တရား ဆိုတာတစ်မျိုး၊ စိုးရိမ်ရတာတစ်မျိုး။ အဲဒါကြောင့် ကျနော်တို့ နုတ်ထွက်ရတာ ဖြစ်တယ်" ဟု ပြောသည်။

ဖမ်းဆီးသွားသော ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို ဥပဒေနှင့်အညီ အမြန်ဆုံးပြန်လွှတ်ပေးဖို့နှင့် မိခင်ဌာနအနေဖြင့်လည်း ရပ်/ကျေး အုပ်ချုပ်ရေးမှူးများကို အကာအကွယ်ပေးရန် တောင်းဆိုကြောင်း ၎င်းက ပြောကြားသည်။

ဖမ်းဆီးတရားစွဲခံရသူ အုပ်ချုပ်ရေးမှူး သုံးဦးအား ပြန်လွှတ်ပေးပြီး မိခင်ဌာနမှ တာဝန်ခံမှု တာဝန်ယူမှုနှင့် အုပ်ချုပ်ရေးမှူးများကို ကာကွယ်ပေးမှ ဆက်လက်တာဝန်ထမ်းဆောင်နိုင်မည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မြေပုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်အား နိရဉ္စရာသတင်းဌာန အနေဖြင့် ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့သော်လည်း ၎င်းအနေဖြင့် အစည်းအဝေး လုပ်နေသဖြင့် မအားသေးဘူးဆိုကာ ဖုန်းချသွားသဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူး၏ သဘောထားကို တင်ပြနိုင်ခြင်း မရှိသေးပါ။

မြေပုံမြို့နယ်မှ အကြမ်းဖက်ဥပဒေပုဒ်မ ၅ဝ/ ၅၂ ဖြင့် တရားစွဲခံရသော ရပ်/ ကျေးအုပ်ချုပ်ရေးမှူး များမှာ ရွာသစ်ကေရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်၊ အငူကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ဇော်နှင့် မြောက်ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းတို့ဖြစ်ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ၂ဝ၁၉ ခုနှစ်အတွင်းကလည်း ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်တို့မှ ကျေးရွာအုပ်ချုပ်ရေးမှူးအများစုသည် ၎င်းတို့လုံခြုံရေးကို စိုးရိမ်ရ၍ဟုဆိုကာ အစုလိုက်အပြုံလိုက် စုပေါင်းနုတ်ထွက်စာတင်ခဲ့ကြသည်။

ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...
January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...
တစ်ချိန်က စစ်တွေမြို့လမ်းမများပေါ်တွင် ရခိုင်လူထုကို စစ်ရေးအင်အားပြပြီး ခြိမ်းခြောက်ခဲ့သည့် မြင်ကွင်းတစ်ခု (ပုံဟောင်းသာ)
January 8, 2026
အာရက္ခတပ်တော်(AA)မှ စစ်တွေမြို့ပြင်ရှိ ကာကင်းစခန်းများ၊ စစ်ကြောင်းများကို စတင်ထိုးစစ်ဆင်...