ARSA နှစ်ဦးကို တိုက်ပွဲအတွင်း လက်နက်နှစ်လက်နှင့်အတူ အသေဖမ်းမိဟု တပ်မတော်ထုတ်ပြန်

ARSA နှစ်ဦးကို တိုက်ပွဲအတွင်း လက်နက်နှစ်လက်နှင့်အတူ အသေဖမ်းမိဟု တပ်မတော်ထုတ်ပြန်

အိမ်စိုးဖြူ — ဇွန်လ ၃ ရက်နေ့ ညနေ ၄ နာရီခွဲခန့်က မောင်တောမြို့နယ် မြောက်ပိုင်း မီးတိုက်ကျေးရွာ အနီးတွင် ဖြစ်ပွားသော တိုက်ပွဲအတွင်း ARSA အကြမ်းဖက် အဖွဲ့ဝင်နှစ်ဦးကို လက်နက် နှစ်လက်နှင့်အတူ အသေဖမ်းမိကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

၎င်းတိုက်ပွဲသည် နယ်စပ်မှတ်တိုင်အမှတ် ဘီပီ-၃၄ နှင့် ဘီပီ-၃၅ အကြား မီးတိုက် ကျေးရွာဘက်မှ နယ်စပ်ခြံစည်းရိုးဘက်သို့ ထွက်ခွာလာသည့် ARSA ၂၅ ဦးခန့်နှင့် လုံခြုံရေးဆောင်ရွက်လျက်ရှိသော နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တို့အကြား အပြန်အလှန် ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

ဖြစ်ပွားသည့် တိုက်ပွဲတွင် ညနေ ၄ နာရီခွဲမှ ၅ နာရီအထိ ကြာမြင့်ခဲ့ပြီး ၎င်းနောက် ARSA အကြမ်းဖက်သမားများသည် အရှေ့တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်ဟု တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပြောက်ကျား ယူနီဖောင်းဝတ်အလောင်း ၂ လောင်းကို ၎င်းတို့ကိုင်ဆောင်သည့် သေနတ် ၂ လက်၊ ခဲယမ်းဆက်စပ်ပစ္စည်းများနှင့်အတူ သိမ်းဆည်းရမိခဲ့ပြီး ရဲတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းကဆိုသည်။

အဆိုပါ တိုက်ပွဲနှင့် ပတ်သက်ပြီး ဒေသခံများသို့ ဆက်သွယ်ရာ မီးတိုက်ကျေးရွာမှ အမည်မဖော်လိုသူ ဒေသခံအမျိုးသမီးတစ်ဦးက ၎င်းနယ်ခြားစောင့်စခန်းဖက်မှ သေနတ်ပစ်သံများ ဇွန်လ ၃ ရက် ညနေ ၄ နာရီကျော်က မိနစ် ၃ဝ ခန့် အဆက်မပြတ်ကြားခဲ့ရကြောင်း၊ အဆိုပါ နယ်ခြားစောင့်တပ်နှင့် မီးတိုက်ကျေးရွာမှာ ၃ မိုင်ခန့် ဝေးကြောင်း ပြောသည်။

“ နာရီဝက်လောက်အပြန်အလှန်ပစ်ကြတယ်။ အဲဒီနားက ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းနဲ့ ဒီဘက်က နယ်ခြားစောင့်နဲ့ ဖြစ်တာ။ အဲဒီဖက်မှာ ဖြစ်ရင် အာဆာနဲ့ နယ်ခြားစောင့်ပဲရှိတာ။ သူတို့ တိုက်ပွဲဖြစ်ကြပါတယ်” ဟုသူမကပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မောင်တောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှထွန်းကျော်က “ ဦးလေးက အတိကျတော့မသိဘူး။ ဒါပေမဲ့ အဲဒီမီးတိုက်ဘက်ကနေ အမှတ်(၂) တပ်ရင်းဘက်က အလောင်း တစ်လောင်း ချသွားတယ်လို့တော့ ဒေသခံတွေဆီက ကြားရတယ်။ ညနေ လေးနာရီကျော် လောက်ကပေါ့” ဟု ယနေ့ညနေ ၈ နာရီခန့်ကပြောသည်။

မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က သေနတ်သံများကြားရသော်လည်း တစ်စုံတစ်ရာ သိရှိခြင်းမရှိသောကြောင့် ဖြေဆိုနိုင်ခြင်းမရှိဟု ပြောသည်။

April 21, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ကမ်းရိုးတန်းမှတစ်ဆင့် တောင်ကုတ်နှင့်ရမ်းဗြဲမြို့နယ်များအား...
April 20, 2026
ကျော်သီဟ — ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာကို အကြမ်းဖက်စစ်‌ကော်မရှင်လေတပ်က ဧပြီ (...
April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...