လားနွန် – အိန္ဒိယနိုင်ငံတွင် ဓမ္မကျမ်းစာကျောင်းတက်ရောက်ခဲ့ပြီး COVID-19 ကြောင့် သောင်တင်လျက်ရှိသည့် မြန်မာနိုင်ငံမှ ကျမ်းစာကျောင်းသား (၁၇) ဦးသည် ဇွန်လ (၅) ရက်ညတွင် ချင်းပြည်နယ်နယ်စပ်၊ ရိဒ်ခေါ်ဒါရ်သို့ ရောက်ရှိမည်ဟု ချင်းပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိ စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။
၎င်းကျမ်းစာကျောင်းသား (၁၇) ဦးသည် ချင်းပြည်နယ်အစိုးရထံ နေရပ်ပြန်နိုင်ရေး တင်ပြအကြောင်းကြားထားသူ (၃၃) ဦးထဲကဖြစ်ပြီး ပထမအသုတ် (၁၆) ဦးသည် ပြီးခဲ့သည့် မတ်လ (၂၂) ရက်နေ့က ရောက်ရှိခဲ့ကြပြီးဖြစ်သည်။
“ပထမ ကျနော်တို့ဆက်သွယ်ထားတာ (၃၃) ယောက်ရှိတယ်။ ကျမ်းစာသင်ကျောင်းဆိုပြီးတော့ အိုင်ဇော်လ်က (၁၆) ယောက် ပထမတစ်သုတ်လာတယ်။ နောက် ဒုတိယတစ်သုတ်အနေနဲ့ (၁၇) ယောက်က လောင်တလိုင်ဘက်ကနေ ရိဒ်ခေါ်ဒါရ်ကို ပို့မယ်လို့ အဲလိုလေး ကျနော်တို့ ညှို့နှိုင်းထားတာရှိတယ်။ အဲဒါ (၁၇) ယောက်၊ နှစ်ခုပေါင်းလိုက်ရင် (၃၃) ယောက်၊ အဲဒီတစ်သုတ်က ကျနော်တို့ ပြည်ထောင်စုကိုလည်း တင်ပြပြီးပြီ။ ပြည်ထောင်စုကလည်း ခွင့်ပြုချက်ရထားတယ်။ အဲဒါကြောင့် ပြီးခဲ့တဲ့တစ်ပတ်ကျော်လောက်က ရိဒ်ခေါ်ဒါရ်မှာ လက်ခံပြီးတော့ တီးတိန်မှာ အခု Quarantine (၂၁) ရက်ဝင်နေတယ်။ အခု (၁၇) ယောက်ကလည်း ကျနော်တို့က ရိဒ်ခေါ်ဒါရ်မှာပဲဖြစ်ဖြစ်၊ ဖလမ်းမှာပဲဖြစ်ဖြစ် ကျနော်တို့ Quarantine (၂၁) ရက်ထားမယ်။ အဲဒါပြီးမှ သူ့ရဲ့ တိုင်းနဲ့ပြည်နယ်အလိုက် ပြန်လွှတ်မှာပေါ့၊ အခုလာတဲ့ထဲမှာ ကျနော်တို့ ချင်းကြီးပဲမဟုတ်ဘူး၊ ကလေးဘက်ကပါသလို ကချင်ပြည်နယ်ကလည်းပါတယ်။ ရန်ကုန်ကလည်းပါတယ်၊ ပေါင်းစုံပေါ့နော်။ အခု (၁၇) ယောက်က လာမယ့်မနက်ဖြန် သောကြာနေ့ညလောက်ကို ရိဒ်ခေါ်ဒါရ်ကို ရောက်ပါမယ်၊ အဲဒါကို ကျနော်တို့လက်ခံပြီးတော့ Quarantine ထားမယ့်နေရာမှာထားမယ်” ဟု ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။
အိန္ဒိယနိုင်ငံတွင် COVID-19 ကြောင့် သောင်တင်နေသည့် မြန်မာနိုင်ငံသား (၂၀၀) ကျော်ရှိပြီး ၎င်းတို့ဆီမှ တရားဝင်ကမ်းလှမ်းလာမည်ဆိုပါက ချင်းပြည်နယ်အစိုးရအဖွဲ့မှ ပြည်ထောင်စုထံတင်ပြပြီး ခွင့်ပြုချက်နှင့်အတူ ဆက်သွယ်ကာ လက်ခံသွားမည်ဟု ဝန်ကြီးကဆက်ပြောသည်။
အိန္ဒိယနိုင်ငံအစိုးရဖက်မှ အိန္ဒိယနိုင်ငံတွင်ရှိသည့် မြန်မာနိုင်ငံသားများကို ပို့ဆောင်ပေးနိုင်မည်ဆိုပါက မြန်မာနိုင်ငံဖက်မှ လက်ခံနိုင်ဆောင်ရွက်သွားမည်ဟု ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးထက်ကပြောသည်။
“အခုကတော့ ကျနော်တို့က မီဇိုရမ်နဲ့ ချင်းပြည်နယ် ဒီနှစ်ခုမှာရှိနေတဲ့ဟာကိုပဲ လုပ်နေတယ်။ အိန္ဒိယရဲ့မြို့တော်တို့၊ အိန္ဒိယရဲ့ တောင်ဖက်ပိုင်းခြမ်းမှာ ရှိသေးတာပေါ့နော်။ အခုက မီဇိုရမ်မှာရှိတဲ့ (၃၃) ယောက်ကိုစလွှဲတယ်။ သူတို့ဘက်ကသာလွှဲနိုင်လို့ရှိရင် ကျနော်တို့ဘက်ကတော့ လက်ခံနိုင်အောင်လုပ်မယ်။ ဘာလို့လဲဆိုတော့ နိုင်ငံတော်အကြီးအကဲတွေကလည်း တရားဝင်သွားတာပဲဖြစ်ဖြစ်၊ တရားမဝင်သွားတာပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံသားကို လက်ခံမယ်ဆိုတဲ့ လမ်းညွှန်ထားတာရှိတယ်။ ဒါပေမဲ့ လုပ်ထုံးလုပ်နည်းအရ သူတို့ဖက်ကလည်း နာမည်စာရင်းတွေနဲ့ စနစ်တကျပို့ပေးတော့ စနစ်တကျလက်ခံဖို့။ အဲလိုကျမှ COVID-19 ထိန်းချုပ်နိုင်မှာ၊ ဒါမှမဟုတ်ရင် သူတို့ကို သူတို့လာချင်သလိုလာ။ ပြန်ချင်သလို ပြန်မယ်ဆိုရင် ထိန်းချုပ်ဖို့အရမ်းခက်မယ်၊ အဲဒါကြောင့် ဘယ်နှစ်ယောက်၊ ဘယ်လောက် တိတိကျကျသိမှ ကျနော်တို့ ဆက်လုပ်လို့ရမှာ” ဟု စည်ပင်ဝန်ကြီး ဦးစိုးထက်က ပြောသည်။
တီးတိန်မြို့တွင် Quarantine (၂၁) ရက်ထားရှိသည့် အိန္ဒိယနိုင်ငံပြန် ကျမ်းစာကျောင်းသားများ၏ နှာခေါင်းတုဖတ်နှင့် အာခေါင်တုဖတ်တို့အား COVID-19 ရောဂါပိုးရှိ/မရှိစစ်ဆေးရန် အမျိုးသားကျန်းမာရေးဌာန ဓာတ်ခွဲခန်း (ရန်ကုန်) ၌ ပို့ဆောင်ထားပြီး ပြည်ပမှ ချင်းပြည်နယ်သို့ပြန်လာမည့် မည်သူမဆို ရောဂါပိုးရှိ/မရှိ စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။
ပြည်ပနိုင်ငံများမှ ပြန်လာမည့်သူများအတွက် Facility Quarantine (၂၁) ရက် ထားရှိနိုင်မည့် နေရာများအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့မှ လူဦးရေ (၁၀၀၀) ကျော်အထိ လက်ခံနိုင်အောင် ပြင်ဆင်ထားကြောင်း စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။
လက်တလောပြန့်ပွားနေသည့် ကမ္ဘာ့ကပ်ရောဂါ COVID-19 ဂယက်ကြောင့် အိန္ဒိယနိုင်ငံတစ်နိုင်ငံလုံး Lockdown ချထားသည့်အတွက် အိန္ဒိယနိုင်ငံရှိ ပြည်နယ်အသီးသီးတွင် ကျမ်းစာကျောင်း တက်ရောက်နေကြသည့် မြန်မာနိုင်ငံမှ ကျမ်းစာကျောင်းသားများသည် နေရပ်ပြန်နိုင်ရေးနှင့် စားဝတ်နေရေးအတွက် အခက်အခဲကြံတွေ့ရလျက်ရှိကြသည်ဟုလည်း သိရသည်။







