နှစ်ဖက် တိုက်ပွဲရပ်ထားချိန် မြန်မာစစ်တပ် နှင့် မြောက်ပိုင်းအဖွဲ့ တိုက်ပွဲ ပြင်းထန်

နှစ်ဖက် တိုက်ပွဲရပ်ထားချိန် မြန်မာစစ်တပ် နှင့် မြောက်ပိုင်းအဖွဲ့ တိုက်ပွဲ ပြင်းထန်

နှစ်ဖက် စစ်တိုက်ပွဲရပ်ထားကြောင်း ထုတ်ပြန်ထားချိန် ရှမ်းပြည်မြောက်ပိုင်းတွင် မြန်မာစစ်တပ် နှင့် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ ကြား ဇွန် (၃)ရက် ဗုဒ္ဓဟူးနေ့ တစ်နေ့လုံး တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

မြန်မာ့တပ်မတော် တပ်မ (၈၈) နှင့် တပ်မ (၉၉) ပူးပေါင်းစစ်ကြောင်းများက စစ်မျက်နှာသုံးဘက်မှ ကိုးကန့် MNDAA တပ်ရင်း (၅၀၁) နှင့် တအာင်း TNLA တပ်ရင်း (၃၃၅) တပ်ဖွဲ့များရှိသော တာမိုးညဲမြို့နယ်ခွဲ နယ်မြေအတွင်း ထိုးစစ်ဆင်တိုက်လာခြင်းကြောင့် နှစ်ဖက် တိုက်ပွဲဖြစ်ပွားရကြောင်း မူဆယ်မြို့နယ်မှ အမည်မဖော်လိုသူ ကချင်လွတ်လပ်ရေးတပ်မတော် KIA အရာရှိ တစ်ဦး ကချင်သတင်းဌာန KNG ကို ပြောသည်။

“ဒီကနေ့ (ဇွန် ၃) မနက် ၈နာရီကနေ တိုက်ပွဲ အတော်လေး ပြင်းပြင်းထန်ထန် ဖြစ်ပွားတယ်။ ကိုးကန့် တပ်မဟာ (၅၁၁) လက်အောက်ခံ တပ်ရင်း (၅၀၁) နဲ့ တအာင်း တပ်ရင်း (၃၃၅) တပ်တွေကို မြန်မာစစ်တပ်က သုံးနေရာကနေ လာဝိုင်းပြီး တိုက်ခိုက်ရာမှ ဒီညနေ ၅နာရီခွဲချိန်ထိ မုန်းဆီး (Mungji)ဗျူဟာကနေ့ လက်နက်ကြီး အကြိမ်ပေါင်း (၂၀)ကျော်ခန့် ပစ်ကူပေးတာနဲ့ ပြင်းထန်စွာ တိုက်ပွဲ ဖြစ်ပွားတာပါ။” ဟု ပြောသည်။

KIA တပ်မဟာ (၁၀) လက်အောက်ခံ တပ်ရင်း (၂) နယ်မြေ Kong Lim တောင်မှာ စခန်းချထားသော MNDAA နှင့် TNLA တပ်ဖွဲ့များကို မြန်မာစစ်တပ် တပ်မ (၈၈)နှင့် တပ်မ (၉၉) ပူးပေါင်းစစ်ကြောင်များ တာမိုးညဲ (Tamonye)၊ မုန်းဆီး (Mungji) နှင့် နမ်ဖတ်ကာ (Nampaka) စသည့် ဘက်သုံးဘက်မှ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းကြောင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်ဟု KIA အရာရှိက ဆိုသည်။

တပ်မတော်က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်သည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ရဏ္ခိုင့်တပ်မတော် AA တပ်ဖွဲ့များရှိသောနေရာကလွဲပြီး ကျန်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များရှိသော နေရာ အားလုံးတွင် ယခု COVID-19 ကပ်ရောဂါ ကာကွယ်ကုသရေးကြိုးပမ်းနေသည့်ကာလ မေ (၁၀)မှ သြဂုတ် (၃၁)ရက်ထိ တဘက်သတ် တိုက်ပွဲရပ်ထားကြောင်း မေ (၉)ရက်နေ့ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

သို့သော်လည်း ရှမ်းပြည်မြောက်ပိုင်း မြောက်ပိုင်းမဟာမိတ် နယ်မြေများတွင် တပ်မတော် စစ်ရေးလှုပ်ရှားမှုများသည် ဧပြီလကတည်းက ဆက်လက် ရှိနေဆဲဖြစ်သည်။

“ဒီ တပ်မ (၉၉) တပ်ဖွဲ့တွေက ကျနော်တို့ မူဆယ်၊ ကွတ်ခိုင် မြို့နယ်တွေမှာ လှုပ်ရှားမှုတွေ ထူးထူးခြားခြားနဲ့ အရပ်သားတွေကို ဖမ်းဆီးမေးမြန်းတာတွေ၊ ဒေသခံနေအိမ်တွေထဲဝင်စီးပြီး ပစ္စည်းတွေ လုယူခြင်း စတာတွေ ပိုပိုလုပ်လာတာကတော့ ပြီးခဲ့တဲ့ ဧပြီလ (၂၃)ရက် လောက်ကနေ စလာတာ ဖြစ်ပါတယ်” လုံခြုံရေးအရ အမည်မဖော်လိုသူ မူဆယ် ဒေသခံ တစ်ဦး ပြောသည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ညီနောင်သုံးဖွဲ့ ဖြစ်သည့် ရခိုင် AA၊ ကိုးကန့် MNDAA နှင့် တအာင်း (ပလောင်) TNLA ကလည်း ဇွန် (၁)ရက်မှ သြဂုတ် (၃၁)ရက်ထိ နောက်ထပ် (၃)လ တဘတ်သတ် အပစ်ရပ်ထားကြောင်းကို ဇွန် (၁)ရက်၊ တနင်္လာနေ့ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

Covid-19 ကမ္ဘာ့ ကပ်ရောဂါ ဖြစ်ပွားနေသည့်ကာလ တပ်မတော်၏ ထိုးစစ်ရပ်ထားခြင်း ထုတ်ပြန်ချက်သည် သဘောရိုး မဟုတ်ဘဲ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်သည့် AA ကို တိုက်ခိုက်ချေမှုန်းရန် ရည်ရွယ်ခြင်းသာဖြစ်ကြောင်း အထက် KIA အရာရှိက ဝေဖန်သည်။

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...