ကျောင်းအပ်ချိန် တိုင်းရင်းသားအမည် ထည့်သွင်းရေးအကြောင်းကြားစာ ပြည်နယ် ကရင်စာ/ ယဉ်မှ လက်ခံရရှိခြင်း မရှိသေး

ကျောင်းအပ်ချိန် တိုင်းရင်းသားအမည် ထည့်သွင်းရေးအကြောင်းကြားစာ ပြည်နယ် ကရင်စာ/ ယဉ်မှ လက်ခံရရှိခြင်း မရှိသေး

 ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနက ညွှန်ကြားထားသည့် ကျောင်းအပ်ချိန်၌ တိုင်းရင်းသားလူမျိုးစုများ၏ အမည်များထည့်သွင်းလက်ခံပေးနိုင်ရေး အကြောင်းကြားစာကို ကရင်ပြည်နယ် စာပေနှင့်ယဉ်ကျေးမှု တိုးတက်ပြန့်ပွားရေး အသင်းအနေဖြင့် လက်ခံရရှိခြင်း မရှိသေးကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်ရှိ ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီများထံသို့ အဆိုပါ အကြောင်းကြား စာများလက်ခံရရှိပြီဖြစ်သော်လည်း မိမိတို့အနေဖြင့် လက်ခံရရှိခြင်းမရှိသေးကြောင်း ကရင်ပြည်နယ် စာ/ယဉ်အသင်း အတွင်းရေးမှူး နန်းမြင့်တင်က ယခုလိုပြောသည်။

“ အကြောင်းကြားစာတွေရောက်လာတာတော့ တစ်ခုမှ မရှိပါဘူး။ တရားဝင်မှုအနေနဲ့ စာထုတ်ရင် ပို တော့ကောင်းတာ ပေါ့နော်။ မွန်ပြည်နယ်ဆို လဝကလည်းထုတ်တယ်။ အောင်မြင့်ခိုင်(ကရင်ရေးရာ ဝန်ကြီး) လည်းထုတ်တယ်လေ။” ဟု ဇွန် ၃ ရက်တွင် ကေအိုင်စီသို့ပြောသည်။

အဆိုပါ တိုင်းရင်းသားအမည် ကိစ္စကို ကရင်ပြည်နယ်အတွင်းရှိ ကရင်၊ မွန်၊ ပအိုဝ်း၊ ရှမ်း စသည့် စာ/ယဉ် ကော်မတီ အသင်းအဖွဲ့များထံသို့ တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြား ရေးမှူးရုံးအနေဖြင့် အကြောင်းကြား စာများ ပေးပို့ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ညွှန်ကြားရေးမှူးရုံး တာဝန်ရှိသူများက ကေအိုင်စီသို့ ယနေ့တွင်ပြောသည်။

၂၀၂၀-၂၁ ပညာသင်နှစ်မှစတင်၍ အခြေခံပညာဦးစီးဌာနက ဧပြီလ ၁ ရက်နေ့မှစတင်ကာ တိုင်းရင်းသား လူမျိုးစုများ၏ အမည်ရှေ့တွင် ၎င်းတို့ကိုကိုယ်စားပြုသည့် အမှတ်သင်္ကေတ စကားလုံးများ ထည့်သွင်း လက်ခံပေးနိုင်ရေး ညွှန်ကြားထား မှှုများ ရှိခဲ့သည်ဟုလည်း သိရသည်။

အဆိုပါညွှန်ကြားမှုအတိုင်း ကရင်ပြည်နယ်၊ ပညာရေးမှူးရုံးမှ ဧပြီလ ၂ ရက်နေ့စွဲဖြင့် သက်ဆိုင်ရာ၊ ခရိုင်၊ မြို့နယ်ပညာ ရေးမှူးရုံးအသီးသီးထံသို့ စာထုတ်ပေးပို့ခဲ့ပြီး ကျောင်းအဆင့်အထိစာများ ရောက်ရှိနေပြီဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူးရုံး ဒုတိယ ညွန်ကြားရေးမှူး ဦးစိုးဝင်းက ပြောသည်။

“ကျောင်းသွားအပ်တဲ့အခါ မိဘအုပ်ထိန်းသူတွေအနေနဲ့ ကရင်လူမျိုးဖြစ်တဲ့အတွက်ကြောင့် စောထည့် ပေးပါ၊ နန်း ထည့် ပေးပါ။ နော် ထည့်ပေးပါလို့ ပြောရမယ်ပေါ့။ ဆရာမတွေကလည်း ကျောင်းသား လက်ခံတဲ့အခါ မေးရမယ်ပေါ့။ အဲလို နှစ်ဦးနှစ်ဖက် ပြောကြပါ။ ဒါက အရေးကြီးတာကိုး။ ဒီနှစ် ကတော့ တရားဝင်စာထုတ်တော့ မှန်မှန်ကန်ကန်လေးဖြစ်လာတယ်ပေါ့။” ဟု ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ကရင်လူမျိုးများအနေဖြင့် မိမိတို့၏ ကလေးများကို ကျောင်းအပ်ချိန်တွင် နာမည်အစ၌ ကရင်အမည်များဖြစ်သည့် (စော၊ စ၊ နန့်၊ နော်) များထည့်သွင်းရန် ဧရာဝတီ တိုင်းဒေသကြီး ကရင်စာနှင့် ယဉ်ကျေးမှု ကော်မတီက မေ ၁၈ ရက်နေ့တွင် မြို့နယ်စာယဉ် အသီးသီးသို့ စာထုတ်တိုက်တွန်းခဲ့သည်။

အလားတူ မွန်ပြည်နယ်အတွင်းနေထိုင်ကြသည့် ကရင်တိုင်းရင်းသားများအနေဖြင့် လာမည့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ် တွင် စော၊ နန်း၊ နော် တို့ကို ထည့်သွင်းအပ်နှံသွားကြရေး မွန်ပြည်နယ် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး စောအောင်မြင့်ခိုင်က မေလ ၂၆ ရက်နေ့ ရက်စွဲဖြင့် ကရင် စာ/ယဉ် ကော်မတီအပါအဝင် သက်ဆိုင်ရာသို့ အကြောင်းကြား စာပေးပို့ကာ တိုက်တွန်းခဲ့သေးသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...