တစ်ပတ်အတွင်း ရိက္ခာဆန်မပို့နိုင်လျင် ပလက်ဝတွင် ရိက္ခာပြတ်လပ်ဖွယ်ရှိ

တစ်ပတ်အတွင်း ရိက္ခာဆန်မပို့နိုင်လျင် ပလက်ဝတွင် ရိက္ခာပြတ်လပ်ဖွယ်ရှိ

လားနွန် – စစ်ရေးပဋိပက္ခကြောင့် ဆက်သွယ်ရေးလမ်းကြောင်းများပြတ်တောက်နေသည့် ပလက်ဝမြို့တွင် ယခုဇွန်လ ပထမပတ်အတွင်း ရိက္ခာဆန်များမပို့ပေးနိုင်လျင် စစ်ဘေးရှောင်ပြည်သူများအပါအဝင် ပလက်ဝမြို့ပေါ်နှင့် အနီးအနားပတ်ဝန်းကျင်ကျေးရွာများမှာဒေသခံပြည်သူများ ရိက္ခာပြတ်လပ်ဖွယ်ရှိသည်ဟု Chin IDPs Support Committee (CISC) ကပြောသည်။

“ဆန်တွေက ဆမီးဘက်မှာလည်း သွားယူလို့မရဘူး ရခိုင်ပြည်နယ်ကျောက်တော်ဘက်မှာလည်း ယူလို့မရဘူးဆိုတော့ အခု စစ်ဘေးရှောင်ပြည်သူတွေအပြင် ပလက်ဝမြို့ နယ် ကုလားတန်တစ်ကျောရယ် ပြီးတော့ ပလက်ဝအနီးတစ်ဝိုက် ကျေးရွာတော်တော်များများ သူတို့ကတော့ လုံးဝကို ရွာရဲ့အပြင်ကိုထွက်လို့မရဘူး။ ဆိုတော့ သူတို့မှာစားဖို့သောက်ဖို့ အခက်ခဲကတော့ လုံးဝကိုခက်ခဲနေပြီ။ ဒီဇွန်လပထမပတ်လောက်မှာ ကျနော်တို့ ဆန်တွေမရောက်နိုင်ဘူးဆိုရင် တော်တော်လေးပြတ်လပ်သွားမယ့်သဘောမှာရှိတယ်” ဟု Chin IDPs Support Committee (CISC) အတွင်းရေးမှူး ကိုကျော်အောင်ကပြောသည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (အေအေ) အကြား စစ်ရေးပဋိက္ခကြောင့် ပလက်ဝမြို့သည် ရခိုင်ပြည်နယ် ကျောက်တော်၊ ချင်းပြည်နယ် မတူပီ-ဆမီးဘက်နှင့်ဆက်သွယ်သော ရေလမ်း ကုန်လမ်းများပြတ် တောက်သည့်အတွက် မည်သည့်ကုန်ပစ္စည်းမှသယ်ယူ၍မရသောကြောင့် စားနပ်ရိက္ခာပြတ်လပ်မည့် အန္တရာယ်နှင့်ရင်ဆိုင်နေကြရခြင်းဖြစ်သည်။

ပလက်ဝမြို့အတွက် ချင်းပြည်နယ်အစိုးရ၊ အလှူရှင်များ၊ အရပ်ဘက်အဖွဲ့အစည်းများမှထောက်ပံ့ထားသော ဆန်အိတ်ထောင်ချီခန့် ဆမီးမြို့တွင်ရှိနေသော်လည်း ဆမီးနှင့် ပလက်ဝမြို့အကြား နယ်မြေလုံခြုံမှုမရှိသောကြောင့် သယ်ယူပို့ဆောင်၍မရဖြစ်နေသည်ဟုသိရသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့ပြောခွင့်ရပုဂ္ဂိုလ်စည်ပင်ဝန်ကြီးဦးစိုးထက်ကလည်း ပလက်ဝမြို့စစ်ဘေးရှောင်ပြည်သူများအတွက် ပြီးခဲ့သည့်ဧပြီလအတွင်း ဆန်အိတ် ၃၀၀၀ နီးပါးပို့ဆောင်နိုင်ခဲ့သော်လည်း မေလ ၁၅ ရက်နေ့ကတည်းက ကုန်သွားပြီဖြစ်ကြောင်း နယ်မြေလုံခြုံရေးကြောင့် ဆက်လက်ပို့ဆောင်၍မရဖြစ်နေသည်ဟု ချင်းမီဒီယာများနှင့် ပြုလုပ်သည့် Video Conference တွင်ပြောဆိုခဲ့သည်။

“ဆမီးမှာကြီးပဲ ဆန်အိတ်ပေါင်း (၅၆၆၅) အိတ်ရှိတယ်၊ အလှူရှင်တွေလှူသမျှအခြားစားစရာတွေ အဝတ်အထည်တွေအများကြီး အဲဒီမှာပုံနေတယ် ပို့လို့မရဘူး ဆိုတော့ ဧပြီ (၁၉) ရက်နေ့မှာ  ဆန်အိတ် (၈၃၀) ပို့လို့ရသွားတယ်၊ နောက်လမ်းကြောင်းနည်းနည်းပွင့်တော့ တပ်မတာ်ယာဉ်တန်းနဲ့ ဆန်အိတ် (၂၀၀၀) ကို ကျနော်တို့ထပ်ပို့တယ်၊ မေလ (၁) ရက်နေ့စဝေနိုင်တယ် အဲဒီနောက်ပိုင်းကို ကျနော်တို့ပို့လို့မရဘူး၊ အခုချိန်ထိပဲ ကျနော်တို့ပို့ထားတဲ့ ဆန်တွေက မေလ (၁၅) ရက်နေ့ဆိုရင်ကုန်ပြီ အခုစားစရာမရှိတော့ဘူး၊ ဆန်ပြုတ်သောက်နေတယ် အဲလိုအခြေအနေဖြစ်နေတယ် ကျနော်တို့ပြည်ထောင်စုကိုတင်ပြတယ်၊ သမ္မတရုံးကိုလည်းတင်ပြတယ် အဲဒီကလည်း သူတို့ကာကွယ်ရေးစောင့်ရှောက်မှုနဲ့ဖို့လမ်းညွှန်ပေမဲ့ အခုထိပို့လို့မရဘူး၊ နယ်မြေအခြေအနေမအေးချမ်းတဲ့အတွက် ဟိုမှာက စားစရာမရှိတော့ဘူး၊ Camp မှာလည်းစားစရာမရှိတော့ဘူး အခြားကျေးရွာတွေကလည်းမရှိတော့ဘူး” ဟု ဝန်ကြီးဦးစိုးထက်ကပြောသည်။

ပလက်ဝမြို့နှင့် ဆမီးမြို့သည် မိုင်အားဖြင့် မိုင် (၄၂) ကွာဝေးပြီး ယခင်က ကမ္ဘာ့စားနပ်ရိက္ခာအစီစဉ်မှထောက်ပံ့သည့် ဆန်အိတ်တစ်ထောင်ကို ကားဖြင့်ပို့ဆောင်သည့်အချိန်တွင် လက်နက်ကိုင်တပ်ဖွဲ့က ပစ်ခတ်မှုများကြုံတွေ့ခဲ့ကြရသည်။

Chin IDPs Support Committee ၏ စာရင်းအရ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲကြောင့်ထွက်ပြေးတိမ်းရှောင်နေရသူ ပလက်ဝမြို့ပေါ်တွင် အိမ်ထောင်စု (၈၁၆) စု လူဦးရေ (၃၆၉၀) ရှိ၊ မီးဇာတွင် အိမ်ထောင်စု (၁၀၂) စု လူဦးရေ (၅၁၄)၊ ဆမီးမြို့တွင် အိမ်ထောင်စု (၆၉၃) စု လူဦးရေ (၂၉၄၈) ယောက်ရှိပြီး  အိမ်ထောင်စု စုစုပေါင်း (၁၆၁၁) စု လူဦးရေ (၇၁၅၂) ရှိကြောင်း သိရသည်။

May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...
May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...