မြဝတီ သစ်တောပိုင်မြေကို ခြံကွက်ရိုက် ရောင်းချနေသူများအား ဖော်ထုတ်အရေးယူမည်ဟု သစ်တောဌာနပြော

မြဝတီ သစ်တောပိုင်မြေကို ခြံကွက်ရိုက် ရောင်းချနေသူများအား ဖော်ထုတ်အရေးယူမည်ဟု သစ်တောဌာနပြော

ကရင်ပြည်နယ် မြဝတီမြို့ အမှတ် ၄ ရပ်ကွက် မြေနီကုန်းရပ် အနောက်ဘက် မြဝတီသစ်တောကြိုးဝိုင်း ကြိုးပြင် ကာကွယ်တော အတွင်းရှိမြေကို ခြံကွက်များရိုက်၍ ရောင်းချ ရောင်းချနေသူများအား စုံစမ်းဖော်ထုတ်ပြီး ဥပဒေကြောင်းအရ အရေးယူသွားမည်ဖြစ်ကြောင်း မြဝတီမြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်မျိုးသူက ပြောသည်။

မြဝတီသစ်တောကြိုးဝိုင်း ကြိုးပြင်ကာကွယ်တောအတွင်းရှိ မြေဧက ၅၀ ခန့်အား ခြံကွက်များ ရိုက်၍ ရောင်းချမှု များရှိကြောင်း သတင်းအရ ဇွန်လ ၁ ရက် နံနက် ၁ဝ နာရီအချိန်က မြဝတီမြို့နယ် သစ်တောဦး စီးဌာနမှ တာဝန် ရှိသူများ၊ အမှတ် ၄ ရပ်ကွက်ရှိ ဆယ်အိမ်မှူး ရာအိမ်မှူးများနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ခဲ့စဉ် မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်မျိုးသူက ယခုလို ပြောသည်။

“သစ်တောပိုင်မြေထဲမှာ ခြံကွက်တွေရိုက်ပြီး ရောင်းချနေကြောင်းသိရလို့ ကျနော်တို့ မြို့နယ် သစ်တောဦး စီးဌာနအနေဖြင့် လာရောက်ကြည့်ရှုစစ်ဆေးရာမှာ အမှန်တကယ်ပဲ ခြံကွက်တွေရိုက်ထားတာကို တွေ့ရှိရပါတယ်။ ဒီခြံကွက်တွေကို ဘယ်သူတွေက ရိုက်ပြီး တရားမဝင်အရောင်းအဝယ် လုပ်နေသလဲဆိုတာ စုံစမ်းဖော်ထုတ် ရပါ မယ်။ ယခုလို သစ်တောပိုင်မြေပေါ်မှာ ကျူးကျော်ပြီး ခြံကွက်ရိုက်တဲ့သူတွေကို သိရရင်တော့  ၂ဝ၁၈ သစ် တော ဥပဒေပုဒ်မ ၄ဝ နဲ့ မြဝတီမြို့မရဲစခန်းမှာ အမှုဖွင့်အရေးယူသွားမှာဖြစ်ပါတယ်” ဟု ဦးကျော်မျိုးသူက ပြောသည်။

၎င်းသစ်တောမြေ ဧကပေါင်း ၅ဝ ခန့်အား ခြံကွက်များရိုက်၍ တရားမဝင် အောက်ဂတိစာချုပ်ဖြင့် လူတစ်စုမှ မြေ ရောင်းချနေကြောင်း ပြည်သူများ၏သတင်းပေးတိုင်ကြားမှုကြောင့် ယခုလိုတာဝန်ရှိသူများမှ ကွင်းဆင်း စစ်ဆေးခြင်းဖြစ်သည်ဟုလည်း မြဝတီမြို့နယ် သစ်တောဦးစီးဌာနဦးစီးအရာရှိက ပြောသည်။

မြဝတီမြို့နေ ပြည်သူတစ်ဦးက “မြဝတီမြို့မှာက ယခုလို သစ်တောမြေ (သို့မဟုတ်)အစိုးရ စီမံခန့်ခွဲခွင့်ရ မြေပေါ်မှာ တရားဝင်ခွင့်ပြု ချက်ဖြင့်မဟုတ်ဘဲ တရားမဝင် ခြံကွက်ရိုက်ကာ မြေအရောင်းအဝယ်များ ပြုလုပ်လျက်ရှိနေပါတယ်။ ဒါတွေကို သက်ဆိုင်ရာဌာနများအနေဖြင့် အချိန်မှီတားဆီးဖို့ လိုအပ်ပါတယ်။ တရားမ ဝင်ခြံကွက်ရိုက်ပြီး တရားဝင်သဖွယ် လိမ်လည်ရောင်းချနေသူများ၏ စကားကိုယုံ၍ ရှိစုမဲ့စုချွေးနည်းစာများဖြင့် ဝယ်ယူခဲ့သူတွေလည်း များစွာရှိနေပြီး နောက်ပိုင်းလူနေအိမ်တွေဖြစ်လာမှ ထိုးဖြိုဖယ်ရှားမှုတွေ ပြုလုပ်နေခြင်းဟာ ပြည်သူတွေရဲ့ အိုးအိမ်စည်စိမ်တွေကို များစွာထိခိုက်စေသလို အစိုးရဲ့ပုံရိပ်လည်း ကျဆင်းစေတယ်”ဟု ပြောသည်။

လွန်ခဲ့သည့် ၂၀၁၆-၂၀၁၇ ခုနှစ်များက မြဝတီမြို့ မဲကနယ်ကျေးရွာအနီး သစ်တောပိုင်မြေပေါ်တွင် ရွှေမြ စန္ဒီအိမ်ရာစီမံကိန်းဟုဆိုကာ တရားမဝင်အောက်ဂတိစာချုပ်ဖြင့် မြေကွက်ရိုက်ရောင်းနေမှုများ ရှိခဲ့သည်ဟု သိရသည်။ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ တိုးချဲ့ မဲကနယ်ကွက်သစ် ဖော်ဆောင်ရာ၌ သစ်တောပိုင်မြေ ၈၈ ဧက ပေါ်ရှိ လူနေအိမ် ၄၀၀ ကျော်အား ဖယ်ရှားရှင်းလင်းမှုများ ပြုလုပ်ခဲ့သည်။  

၎င်းအပြင် မြဝတီမြို့ တိုးချဲ့ ရပ်ကွက်၆/၇ မြေနေရာ၌ ယခင် ၂၀၁၅ ခုနှစ်အစောပိုင်းကာလများက တရားမဝင် မြေကွက်ရိုက်ရောင်းချသူများထံမှ ပြည်သူများဝယ်ယူ၍ အိမ်ဆောက်နေထိုင်ခဲ့ကြသည်။ ယခုအခါ ထိုနေရာအား အစိုးရစီမံခန့်ခွဲခွင့်ရမြေဟုသတ်မှတ်ပြီးနောက် ၂၀၁၉ ခုနှစ်မှစ၍ ယနေ့ ၂၀၂၀ခုနှစ် ဇွန်လ ၂ ရက်နေ့ထိ တိုင် အောင်နေအိမ်များအား ဖယ်ရှားရှင်းလင်းမှုများပြုလုပ်နေပြီး မြေကွက်ဝယ်ယူထားသော ပြည်သူများအနေဖြင့် ဆုံးရှုံးမှုများစွာကြုံနေရကြောင်း ပြောဆိုကြသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...