Shing Mang — ဆာကိုဗိုင်းရပ်စ်ကြောင့် ထန်တလန်မြို့နယ်တွင် ဝက်များသေဆုံးလျက်ရှိ ချင်းပြည်နယ် ထန်တလန်မြို့နယ်တွင် ဆာကိုရာဗိုင်းရပ်စ်ကြောင့် မေလ ၂၉ ရက်နေ့ထိ ဝက်ကောင်ရေ ၁၈၀ ကျော်သေဆုံးပြီ ဖြစ်ကြောင်း သိရသည်။
” ဒီနေ့ချိန်ထိတော့ ဝက်ကောင်ရေ ၁၈၀ ကျော်လောက်သေဆုံးပြီလို့ သိရပါတယ်။ ဒီအနေထားနဲ့ပတ်သတ်ပြီး ထန်တလန် မွေးမြူရေးကုသရေးဦးစီးဌာနကို တရားဝင်စာနဲ့လည်း ညွှန်ကြားထားတယ်။ နေ့စဉ် ဝက်ခြံများကို ပိုးသတ်ဆေးဖြန်းရန် မွေးမြူသူများကိုလည်း နည်းစနစ်တကျ မွေးမြူရန် နှင့် ဇီဝလုံခြုံမှု ကို အလေးထားဆောင်ရွက်ရန် အတွက် အသိပညာပေးရန် ဝက်သေတဲ့ စာရင်းကိုလည်း စနစ်တကျမှတ်တမ်းတင်ပြီး နေ့စဉ် ဖုန်းနဲ့ ကျွန်တော့်ဆီ ပို့တယ် တစ်ပတ်တစ်ကြိမ် ကျွန်တော်တို့ ဆီစာနဲ့ တင်ခိုင်းတယ်” ဟု ချင်းပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှုး ဒေါက်တာကျော်သူထံမှ သိရသည်။
ဝက်သေဆုံးမှုသည် မတ်လ စပိုင်းတွင် စတင်သိရှိရပြီး ရောဂါတိတိကျကျ သိရှိနိုင်ရန် ကျန်းမာရေးမကောင်းသည့် ဝက်၃ကောင် ၏ သွေးနမူနာ (Blood Sample) များကို မန္တလေး တိရစ္ဆာန် ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းတွင် ပေးပို့ခဲ့ပြီး စစ်ဆေးချက်အရ Porcine Circovirus Type- 2 (PCV-2)( ဆာကိုရာဗိုင်းရပ်စ်ကြောင့်ဝက်အားနည်းရောဂါ) ဖြစ်ကြောင်း သိရှိရခြင်း ဖြစ်သည်။ ယင်းရောဂါသည် သည် လူကို ကူးစက်နိုင်သည့် ရောဂါမဟုတ်ကြောင်းလည်း သိရသည်။
ဒေါက်တာ ကျော်သူမှ ဆက်ပြီး ” ဒီရောဂါနဲ့ ပတ်သက်ပြီး ဒီရောဂါက ဘယ်လိုပြန့်နှံ့သလဲဆိုရင် တောဝက်တွေနဲ့ အိမ်မွေးဝက်တွေမှာ အဖြစ်များတယ်။ ဘယ်လိုဖြစ်ပွားနေသလဲဆိုတော့ ထိတွေ့မှု ၊ရောဂါဖြစ်တဲ့ တောဝက်တွေနဲ့ ထိတွေ့ရင်သော်လည်းကောင်း၊ ရောဂါလက္ခဏာ မပြ သောဝက် မှ တခြားဝက် (သို့ )ရောဂါဖြစ်ပွားသောဝက်မှ တခြားဝက်သို့ ကူးစက်နိုင်ပါတယ်။ ကူးစက်ပုံကတော့ ဝက်နာ ဝက်သေများ တနေရာမှ တနေရာ သယ်ဆောင်ခြင်း ရောဂါဖြစ်နေသောဝက်အားသတ်ဖြတ်ခြင်း မှ လူတို့စားကြွင်းကျန် ကနေသော်လည်းကောင်း ဝက်နာ ရဲ့ ဆီး ဝမ်း နှာခေါင်း ပါးစပ်တို့မှ ထွက်သော အရည် များ ထိတွေ့မှု ကလည်းကောင်း ဖြစ်ပွားနိုင်တယ်။ ရှင်းရှင်းပြောရရင် ထန်တလန်မှာက လွှတ်ကျောင်းစနစ်နဲ့ မွေးတာတွေ ရှိသေးတယ်။ အစပိုင်းမှာ ဝက် အသေကောင်တွေကို စနစ်တကျ မြှပ်နှံမှူ မရှိရင် ဒါတွေ ကနေ ပြန့်သွားတယ်။ နောက်ပိုင်း ညွှန်ကြားချက်တွေမှာ လွှတ်ကျောင်းစနစ်နဲ့ မွေးလို့မရတော့ဘူး။ ဇီဝလုံခြုံမှုကို ဂရုပြုရမယ်။ ဒီဟာလေးတွေလည်း လိုက်နာမှုပိုင်းမှာ အားနည်းတာတွေ ရှိတာပေါ့နော်၊ ” ဟု ပြောသည်။
ယင်း ဆာကိုဗိုင်းရပ်စ်သည် ထိရောက်သော ကုသမှု ပေးသော ဆေးဝါးမရှိသောကြောင့် ဇီဝလုံခြံမှု စနစ်များမှ မွေးမြူရေး တိရိစ္ဆာန် များကို လုံခြုံသော ဝင်းခြံ ဖြင့် သီးခြားထားရှိခြင်း ၊ ခြံအတွင်းသို့ လူ၊ယာဉ်၊ပစ္စည်း အဝင်အထွက် ထိန်းချုပ်ခြင်း ၊ သန်ရှင်းအောင်ထားရှိခြင်း နှင့် ပိုးသတ်ဆေးဖျန်းခြင်းများ အဓိကထားဆောင်ရွက်မှသာ ရောဂါတားဆီးနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။
လက်ရှိချင်းပြည်နယ်တွင် ထန်တလန်မြို့တွင်သာ ဆာကိုဗိုင်းရပ်စ်ကြောင့် ဝက်သေဆုံးမှုရှိကြောင်းသိရပြီး ကျန်မြို့နယ်များတွင် နည်းစနစ်တကျ လုပ်ဆောင်ရန်တိုက်တွန်းထားကြောင်းလည်း သိရသည်။







