စစ်ပွဲနှင့် ကိုဗစ်နိုင်တင်းကြောင့် ရခိုင်ပြည်နယ်က ချင်းလူမျိူးများ တောင်ယာလုပ်ငန်း မလုပ်ကိုင်နိုင်

စစ်ပွဲနှင့် ကိုဗစ်နိုင်တင်းကြောင့် ရခိုင်ပြည်နယ်က ချင်းလူမျိူးများ တောင်ယာလုပ်ငန်း မလုပ်ကိုင်နိုင်
Photo Crd: Chin Humannitarian Assistance Team – Rakhine State
Photo Crd: Chin Humannitarian Assistance Team – Rakhine State

လားနွန် – ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ကိုဗစ်နိုင်တင်းကြောင့် သွားလာရေးကန့် သတ်မှုရှိ နေသည့်အတွက် တောင်ယာလုပ်ငန်းများကို အဓိကမှီခိုအားထားနေရသည့် ချင်းလူမျိူးအများစုသည် တောင်ယာလုပ်ငန်းလုပ်ကိုင်ရန်အဆင်မပြေတော့ဘဲ စားဝတ်နေရေးအတွက် စိုးရိမ်ပူပန်နေကြသည်ဟုသိရသည်။

ရခိုင်ပြည်နယ်ရှိ ချင်းလူမျိုးအများစုသည် ရွေ့ပြောင်းတောင်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုလုပ်ကြပြီး လက်တလောရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများပြင်းထန်လာခြင်းနှင့် COVID-19 ကာလအသွားအလာကန့်သတ်ခြင်းကြောင့် တောင်ယာလုပ်ငန်းမလုပ်ဆောင်နိုင်ခြင်းဖြစ်သည်ဟု  ရခိုင်ပြည်နယ်အခြေစိုက် ဌာနေတိုင်းရင်းသားလူမှုဘဝဖူလုံရေးအသင်းတာဝန်ခံ မိုင်စုစုလှိုင်ကပြောသည်။

“ဒီနှစ်ကစ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ စစ်ပွဲတွေကအရမ်းပြင်းထန်နေတယ်၊ စစ်ပွဲတွေပြင်းထန်လာတယ် ကိုဗစ်ကလည်းဖြစ်တဲ့အခါ လမ်းပန်းဆက်သွယ်ရေး ပိတ်တယ်ပေါ့နော် ပြီးရင် စစ်ပွဲဖြစ်နေတဲ့ကာလမှာ စပါးရိတ်သိမ်းတဲ့ကာလလည်းဖြစ်တဲ့အခါကျတော့ စပါးတွေကို ကောင်းကောင်းမွန်မွန်နဲ့ ရိတ်သိမ်းမရဘူး နောက်တစ်ချက်ကျတော့ ကျမတို့က ဒီရခိုင်ပြည်နယ်မှာနေထိုင်တဲ့ ချင်းတိုင်းရင်းသားတွေက တောတောင်ရေမြေတွေကို ကျမတို့ကအမှီပြုပြီးတော့ အသက်ဝမ်းစာကိုရှာပြီး စားသောက်ရတဲ့အခါ ဒီတောတောင်ရေမြေကိုမှီခိုတဲ့ ဒီဌာနေတိုင်းရင်းသားတွေရဲ့ စားဝတ်နေရေးက အရမ်းခက်ခဲလာတယ်” ဟု မိုင်စုစုလှိုင်ကပြောသည်။

ရခိုင်ပြည်နယ်တွင် ချင်းလူမျိူး လူဦးရေ (၂ သိန်း) ဝန်းကျင်ခန့်ရှိကြပြီး အမ်းမြို့နယ်တွင် ရွာပေါင်း (၁၆၀)၊ မင်းပြားမြို့နယ်တွင် (၇၂) ရွာ၊ မြေပုံမြို့နယ်တွင် ၁၉ ရွာနှင့် မြောက်ဦး၊ ကျောက်တော်တို့တွင်လည်း နေထိုင်ကြသည်ဟုသိရသည်။ အဆိုပါဒေသများတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့တိုက်ပွဲဖြစ်ပွားမှုကြောင့် ညနေ ၆ နာရီမှ နံနက် ၆ နာရီအထိ ညမရထွက်အမိန့်ထုတ်ပြန်ထားသည်ဟုသိရသည်။

မိုင်စုစုလိုင်က “အများသောအားဖြင့် သုံးပုံနှစ်လောက်က ရွှေ့ပြောင်းတောင်ယာလုပ်ကိုင်ပြီး စားသောက်တယ်၊ ကျမတို့က ဌာနတိုင်းရင်းသားတွေဖြစ်တဲ့အခါကျတော့ တောတောင်ရေမြေကိုအမှီပြုပြီး ကျမတို့ ဖားရှာ ငါးရှာပေါ့နော် နောက်ပြီးရင် တောတောင်ရေမြေထွက်တဲ့သဘာ၀ ဟင်းသီးဟင်းရွက်တွေ အဲလိုမျိုးဟာတွေရှာဖွေစားသောက်ပြီး လုပ်ကိုင်စားသောက်ကျတယ်ပေါ့နော် ၊ရွှေ့ပြောင်းတောင်ယာကလည်း  ကျမတို့ချင်းတိုင်းရင်းသားတွေက မြို့ရွာနဲ့နည်းနည်းအလှမ်း ကွာဝေးတဲ့ တောင်တွေမှာလုပ်တယ် လုံခြုံမှုမရှိတဲ့အတွက် မလုပ်ရတာကြာပြီ၊ တိုက်ပွဲတွေကလည်း ချင်းတွေအများကြီးနေတဲ့ဘက်မှာလည်း တိုက်ပွဲတွေကအများကြီးပြင်းထန်နေတော့ အတော်လေးကို ဒုက္ခရောက်နေကြတယ်” ဟုပြောသည်။

ယခုလက်ရှိ ရခိုင်ပြည်နယ်တွင် ချင်းလူမျိူးစစ်ဘေးရှောင်ပြည်သူ (၇၀၀၀) ကျော်ခန့်ရှိသည်ဟုသိရပြီး ကူညီထောက်ပံ့မှုများ ထိထိရောက်ရောက်ပေးနိုင်ရန် ချင်း IDPs အရေးဆောင်ရွက်နေသည့်အဖွဲ့အစည်းများနှင့် အစိုးရ အကြားချိတ်ဆက်ဆောင်ရွက်မှုအားကောင်းရန်လိုအပ်သည်ဟု Relief and Rehabilitation Committee for Chin IDPs (RRCCI) မှာတာဝန်ရှိသူ ဆလိုင်းအိုက်ဇက်ခင်ကပြောသည်။

“ရခိုင်ပြည်နယ်မှာရှိတဲ့ အဖွဲ့အစည်းတွေအနေနဲ့ အစိုးရယန္တရားနဲ့ သေသေချာချာချိတ်မိနိုင်တဲ့  ဥစ္စာလိုတာပေါ့ တရားဝင်ချိတ်ဆက်ပြောဆိုတဲ့အနေအထားကအားနည်းတယ်၊ အဲဒီတော့ အထူးသဖြင့် ရခိုင်ပြည်နယ်မှာရှိတဲ့ ချင်းရေးရာဝန်ကြီးက အဓိကသူ့တာဝန်ပေါ့လေ ဒါပေမယ့် သူ့မှာအခက်အခဲရှိမယ်ထင်တယ်၊ ရခိုင်ပြည်နယ်မှာရှိတဲ့ IDP အရေးလုပ်နေတဲ့ Chin Humanitarian Assistant Team ကို ဝိုင်းကူပေးနေတာရှိတယ်  အထူးသဖြင့်တော့ တရားဝင်ပြောနိုင်ဖို့ အစိုးရနဲ့ချိတ်ဆက်အလုပ်လုပ်နိုင်ဖို့ တိုင်းရင်းသားရေးရာဝန်ကြီးနဲ့ချိတ်ဆက် အလုပ်လုပ်နိုင်ဖို့ ကျနော်တို့ဝိုင်းကူပေးနေတယ်၊ သက်ဆိုင်ရာ IDP တွေအနေနဲ့ အကူအညီပေးတဲ့ ယန္တရားထဲမှာပါလာဖို့လိုတယ် အဲဒီတော့ အဲလိုမဟုတ်ဘူးဆိုလို့ရှိရင်တော့ အောက်မှာတော့ ခက်ခဲနေမယ်  အပေါ်ကနေလုပ်ပေးသည့်တိုင်အောင် အောက်မှာဖြစ်နေတဲ့အခြေအနေအသေးစိတ်ကို အကုန်မသိတဲ့အခါကျတော့ လုပ်ပေးရတဲ့ဥစ္စာက မထိရောက်တာမျိုးရှိနိုင်တယ် ဆိုတော့အဲဒီမှာအရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ ရခိုင်ပြည်နယ်မှာရှိတဲ့ IDP အရေးတွေမှာ ပတ်သက်ပြီးတော့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့လိုတယ်’’ ဟု ဆလိုင်းအိုက်ဇက်ခင်ကပြောသည်။

Chin Humanitarian Assistant Team အဖွဲ့၏ စာရင်းအရ ရခိုင်ပြည်နယ် မြို့နယ် (၇) မြို့နယ်တွင် စစ်ဘေးရှောင်စခန်း (၁၂) ခုရှိပြီး ချင်းစစ်ဘေးရှောင် (၇၈၅၄) ဦးရှိသည်ဟုသိရသည်။

ရခိုင်ပြည်နယ်အတွင်းရှိ ချင်းစစ်ဘေးရှောင်ပြည်သူများကူညီထောက်ပံ့ရေးနှင့် စစ်ပွဲနှင့်ကိုဗစ်ကြောင့် တောင်ယာလုပ်ကိုင်နိုင်ခြင်းမရှိသည့်ကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် ချင်းရေးရာဝန်ကြီးကို ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ သော်လည်းပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။

February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...