“ကုန်းမြေမှသည် ပင်လယ်သန္တာကျောက်တန်းဆီသို့” စီမံကိန်းကို ဆက်မလုပ်ရန် CAT အဖွဲ့ တောင်းဆို

“ကုန်းမြေမှသည် ပင်လယ်သန္တာကျောက်တန်းဆီသို့” စီမံကိန်းကို ဆက်မလုပ်ရန် CAT အဖွဲ့ တောင်းဆို

ဒေသခံများ၏ လူနေမှုဘဝများကို ထိခိုက်လာနိုင်သည့်စိုးရိမ်မှုများကြောင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော်မည့် “ကုန်းမြေမှသည် ပင်လယ် သန္တာကျောက်တန်းဆီသို့ ” (Ridge to Reef Project) အမည်ရသည့် အကြီးစားကာကွယ်ထိန်းသိမ်းရေး စီမံကိန်းကို ဆက်လက်မပြုလုပ်ရန် တနောသရီသဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ မဟာမိတ်အဖွဲ့(CAT)က တောင်းဆိုလိုက်သည်။

အဆိုပါ အကြီးစားကာကွယ်ထိန်းသိမ်းရေး စီမံကိန်းတွင် ဒေသခံများ၏ သဘောထားများမပါဝင်ခြင်း၊ သဘာဝ ညပတ်ဝန်းကျင်နှင့် ၎င်းတို့၏ လူမှုဘဝ၊ နေထိုင် အသက်မွေးဝမ်းကျောင်းပြုမှုများကို ခြိမ်းခြောက် လာနိုင်သည့် အတွက် ယမန်နေ့ (မေ ၂၂ရက်)က ကြေညာချက် ထုတ်ပြန်ကာ ထိုသို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

“ဒေသခံတွေစိုးရိမ်မှုကတော့ စီမံကိန်းတွေဝင်လာရင် သူတို့ရဲ့နယ်မြေဧရိယာတွေ သတ်မှတ်တော့မယ်။ သတ် မှတ်ရင် လုပ်ကိုင်စားသောက်မှုနေရာတွေမရှိလောက်တော့ဘူး။ နောက်တစ်ခုသူတို့စီမံကိန်းက ဒေသခံ လူထု ကနေ ပါဝင်ထိန်းသိမ်းတဲ့စနစ်မဟုတ်ဘူး။ အပေါ်ကနေ အောက်ကိုဆင်းတဲ့စနစ်ဖြစ်တဲ့အတွက် ဒေသခံတွေ မ ပါဝင်ရင် ရေရှည်မဖြစ်နိုင်ဘူး။ ဒေသခံတွေအနေနဲ့က ဟိုးအစဉ်အဆက်ကတည်းက သူတို့ဓလေ့၊ အသိပညာ တွေနဲ့ ထိန်းသိမ်းလာခဲ့တာဖြစ်တဲ့အတွက် ဒါကိုကန့်ကွက်မှုတွေလုပ်တာဖြစ်တယ်” ဟု(CAT)အဖွဲ့ဝင် စောစံ ငွေက ပြောသည်။

အဆိုပါ အကြီးစားကာကွယ်ထိန်းသိမ်းရေး စီမံကိန်းအတွက် တကမ္ဘာလုံးဆိုင်ရာသဘာဝပတ်ဝန်း ကျင်ထောက်ပံ့ရေး အစီအစဉ်(GEF)နှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအဖွဲ့ UNDP တို့၏ ဘဏ္ဍာရေးထောက်ပံ့မှုဖြင့် အမေရိကန် ဒေါ်လာ ၂၁ သန်းအကုန်အကျခံလုပ်ဆောင်မည်ဟု သိရသည်။

ထိုသို့ စီမံကိန်းအကောင်အထည်ဖော်လုပ်ဆောင်ရာတွင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တနင်္သာရီ၊ ဘုတ်ပြင်း၊ ကျွန်းစုစသည့်မြို့နယ်များအတွင်းရှိ ကရင်၊ ဆလုံ၊ ဗမာ၊ ထားဝယ်စသည့် တိုင်းရင်းသားများ လုပ်ကိုင်စားသောက်သည့်မြေနေရာများအပါအဝင် ကျေးရွာပေါင်း ရာချီပါဝင်ပြီး စုစုပေါင်း နယ်မြေဧရိယာ ဧကအကျယ်အဝန်း ၃ ဒသမ ၅ (၃.၅) သန်းရှိသည်ဟု CAT ထုတ်ပြန်ထားသည့်အချက်အလက်များအရ သိရသည်။

“ ကာကွယ်ထိန်းသိမ်းရေးဆိုတာ ကျနော်တို့အတွက် အသစ်အဆန်းမဟုတ်ပါဘူး။ ကျနော်တို့က ဘိုးဘွား တွေရဲ့အလေ့အကျင့်ကို ဆက်ခံထားပါတယ်။ သူတို့ရဲ့လက်ကိုင်ဆောင်ပုဒ်က ' သုံးမယ်၊ ထိန်းမယ်' ဆိုတာမျိုးပါ "ဟု ကမိုသွေးမှ ဌာနေတိုင်းရင်းခေါင်းဆောင်တစ်ဦးဖြစ်သူ တီးစောခိုက CATမှ ထုတ်ပြန်လိုက် သည့် သဘောထားထုတ်ပြန်ချက်တွင် ထည့်သွင်းပြောဆိုထားသည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့များ၊ ၎င်းအရေးတက်ကြွလှုပ်ရှားသူများ၊ ဒေသခံဌာနေ တိုင်းရင်းသားများအနေဖြင့် အဆိုပါစီမံကိန်းအစား ဒေသခံများကိုယ်တိုင် ပါဝင်ပြီး ၎င်းတို့၏ လူနေမှုဘဝဓ လေ့များနှင့်လိုက်လျောညီထွေစွာ ဆုံးဖြတ်လုပ်ကိုင်နိုင်သည့် (Landscape of life) အမည်ရ ဌာနေ တိုင်းရင်းသားများ ဦးဆောင်စီမံသော ကာကွယ်ထိန်းသိမ်းရေး အစီအစဉ်ကို အကောင်အထည်ဖော်ရန် လိုလားနေကြခြင်းဖြစ်သည်။

ငွေကြေးမြောက်မြားစွာ အကုန်အကျခံမည့် ယင်းကာကွယ်ထိန်းသိမ်းရေးစီမံကိန်းကို ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်မှ စတင်ကာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော်လည်း ၂၀၁၈ ခုနှစ်တွင် ဒေသခံများမှ UNDP စောင့်ကြည့် ရေးအဖွဲ့ထံ ကန့်ကွက်အရေးဆိုလွှာတင်သွင်းပြီးနောက်ပိုင်း အဆိုပါစီမံကိန်းကို ယနေ့အထိ ရပ်ဆိုင်းထား ကြောင်း သိရသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...