ရစ်ချက် – COVID-19 ကြောင့် အိန္ဒိယတစ်နိုင်ငံလုံး Lockdown ချထားဆဲဖြစ်သည့်အတွက် အိန္ဒိယနိုင်ငံတောင်ပိုင်း Kerala မြို့တွင် ဓမ္မကျမ်းစာကျောင်းတက်ရောက်နေကြသည့် မြန်မာနိုင်ငံသား အယောက် (၃၀) ကျော်တို့သည် နေရပ်ပြန်ရေးအတွက် အခက်ကြုံနေကြရသည်ဟု သိရသည်။
Kerala မြို့တွင် ကျမ်းစာကျောင်းတက်ရောက်နေသည့် ချင်းအမျိုးသား Han Ta Ling က “အခု Kerala မှာ သောင်တင်နေတဲ့ မြန်မာပြည်က ကျမ်းစာကျောင်းတက်ရောက်သူ အယောက် ၃၀ လောက်ရှိတယ်၊ အဓိကပြဿနာကတော့ အိမ်ပြန်ဖို့ပိုက်ဆံလည်း မရှိကြဘူး၊ အများစုက စားသောက်ဆိုင်တွေမှာ အလုပ်တွေလုပ်တယ်၊ ရလာတဲ့ပိုက်ဆံလေးနဲ့ ကျောင်းပြန်ဆက်တက် မယ်ဆိုပြီး နေတဲ့သူတွေပေါ့၊ ဒါပေမယ့် အခု Covid-19 ဖြစ်လာတဲ့အခါကျတော့ ဒီမှာဆိုင်တွေအကုန်ပိတ်တယ်၊ အချို့ ဆိုင်ရှင်တွေက ဆိုင်မှာနေခွင့်တော့ပေးတယ် ဒါပေမယ့် အစာမကျွေးဘူး၊ ကိုယ့်ပိုက်ဆံနဲ့ကို စားသောက်နေရတဲ့ အခြေအနေမျိုးဖြစ်တယ်။” ဟု ခိုနူမ်းသုန်သတင်းဌာနကိုပြောပြ သည်။
အိန္ဒိယနိုင်ငံ၏ ကျမ်းစာကျောင်းအများစုသည် ဖေဖော်ဝါရီလတွင် ကျောင်းပိတ်လေ့ရှိကာ မြန်မာနိုင်ငံမှကျောင်းသားများ သည် နေရပ်သို့မပြန်တော့ဘဲ ကျောင်းစာရိတ်၊ နေစရိတ်များရှာဖွေသည့်အနေဖြင့် စားသောက်ဆိုင်များတွင် အလုပ်ဝင် လုပ်လေ့ရှိကြသည်။ သို့သော်လည်း COVID-19 ကြောင့် Lockdown ချပြီး စားသောက်ဆိုင်များပိတ်ထားကြသည့်အတွက် ဝင်ငွေမရှိကြသည့်အတွက် စားရေးသောက်ရေးတွင် အခက်ကြုံနေကြရသည်ဟု ၎င်းကဆက်ပြောသည်။
“အလုပ်က လုပ်ခါစဘဲရှိသေးတယ် အိန္ဒိယအစိုးရက Lockdown ချလိုက်တော့ တစ်လတောင် အလုပ်က မလုပ်ရသေးဘူး ဒါကြောင့် လစာလည်း မရကြဘူး။ Lockdown က ဧပြီလလောက်ဆိုပြီးမှာဘဲ လို့ထင်ထားကြတာ ခုဟာက မေလကုန်အထိဆိုတော့ နောက်ထပ် ဘယ်လောက်ကြာမယ် မသိရတော့ အတော်လေး အခက်တွေ့နေကြတယ်” ဟု Han Ta Ling ကပြောသည်။
အိန္ဒိယပြည်ပဘက်သို့ အလုပ်လုပ်၍ဖြစ်စေ ကျောင်းတက်၍ဖြစ်စေ နေရပ်သို့ပြန်လာချင်ကြသည့် မီဇိုရမ်ပြည်နယ်သားများ ကို မီဇိုရမ်အစိုးရအဖွဲ့က ပြန်ခေါ်သည့်အစီစဉ်တွင်ပါဝင်နိုင်ရန် အဆိုပါကျမ်းစာကျောင်းသားများက အမည်စာရင်းပေးသွင်း ခဲ့ကြသော်လည်း နိုင်ငံသားအထောက်အထားမရှိသောကြောင့် အပယ်ခံရသည်ဟု သိရသည်။
“မီဇိုရမ်အစိုးရက ပြည်မမှာရှိတဲ့ မီဇိုးလူမျိုးတွေပြန်ခေါ်မဲ့အစီအစဉ်မှာ မြန်မာပြည်က ကျောင်းသားတွေလည်း စာရင်း ပေးကြတယ်။ စာရင်းပေးတဲ့အခါမှာ Voter ID နှင့် Addhar Card မရှိတဲ့အခါမှာ မြန်မာပြည်ကလူတွေက အကုန်လုံးအပယ်ခံရတယ်။ မြန်မာပြည်ဘက်က စာရင်းပေးတဲ့သူ ၁၇ ယောက်လောက်ရှိတယ်၊ စာရင်းကို Kerala အစိုးရနှင့် မီဇိုရမ်အစိုးရက စစ်ဆေးတဲ့ခါ ကျနော်တို့ နာမည်တွေက အထောက်အထားမရှိတဲ့အခါကြတော့ အပယ်ခံရ တယ်။ ဒါကြောင့် အခုက ပြန်ချင်ရင်တောင်မှ ပြန်လို့မရတဲ့အနေအထားဖြစ်နေတယ်။ ကျမ်းစာကျောင်းကထုတ်ပေးတဲ့ ကျောင်းသားကဒ် ကိုလည်း လက်မခံဘူးဖြစ်နေတယ်။ အစိုးရကနေ စီစဉ်ပေးတဲ့ ရထားနဲ့မပြန်ဘူးဆိုရင် နောက်ထပ် နှစ်လလောက်တော့ ကြန့်ကြာနိုင်မဲ့အနေအထားဖြစ်နေတယ်။ အဲဒီအတောအတွင်းမှာ ဘယ်လိုနေထိုင်စားသောက်ကြ မလဲ အကုန်လုံးက ဒုက္ခရောက်နေကြတယ်” ဟု Han Ta Ling ကပြောသည်။
အလားတူ အိန္ဒိယနိုင်ငံ Bangalore မြို့အပါအဝင် အခြားပြည်နယ်များတွင်လည်း ကျမ်းစာကျောင်းတက်ရောက်သော မြန်မာပြည်က ကျောင်းသားကျောင်းသူအများအပြားရှိသည်ဟုသိရပြီး ၎င်းတို့လည်း ထိုနည်းတူအခက်ကြုံတွေ့နေကြရ သည်ဟု သိရသည်။
မီဇိုရမ်ပြည်နယ် နှင့် အာသံပြည်နယ်တို့တွင် သောင်တင်နေကြသည့် မြန်မာနိုင်ငံမှ ကျမ်းစာကျောင်းသား ၃၂ ယောက်ကိုတော့ မီဇိုရမ်နှင့် ချင်းပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် မြန်မာနိုင်ငံသို့ပို့ဆောင်နိုင်ရန် ဆောင်ရွက်လျက်ရှိကြသည်ဟုသိရသည်။







