ရသေ့တောင်မြို့မြောက်ဖက်က သင်္ဘောတောင်တန်း မီးအကြီးအကျယ်လောင်

ရသေ့တောင်မြို့မြောက်ဖက်က သင်္ဘောတောင်တန်း မီးအကြီးအကျယ်လောင်

အိမ်စိုးဖြူ — ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့မြောက်ဖက် အမှတ် (၅၃၈) တပ်ရင်းအနီး သင်္ဘောတောင်တန်းတလျှောက်တွင် မေလ ၁၉ ရက် ည၇နာရီကျော်ကစပြီး တောမီးများပြင်းထန်စွာ လောင်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါမီးမှာ ရသေ့တောင်မြို့ တောင်လှမော်ကျေးရွာနှင့် ကပ်လျက် သင်္ဘောတောင်ပေါ်တွင် လောင်ကျွမ်း နေခြင်းဖြစ်ကြောင်း ရသေ့တောင်မြို့မှ လူမှုရေးအလုပ်များလုပ်ကိုင်ပြီး အရံ မီးသတ် တပ်ဖွဲ့ဝင် တစ်ဦးလည်းဖြစ်သူ ကိုဘက္ကာက နိရဥ္စရာသတင်းဌာနသို့ မေလ ၁၉ ရက်နေ့ ညနေက ပြောသည်။

"မီးကတော့အတော်ပြင်းပြင်းလောင်နေတာ။ ဘယ်လိုစလောင်တာတော့မသိဘူး။ တပ်မ ၅၃၈ နဲ့လည်းနီးတယ်။ အရှေ့မြောက်ရပ်ကွက်နဲ့ တောင်လှမော်တို့နဲ့နီးတယ်။ မီးကလူနေတဲ့ဖက်ကိုကူးမှာစိုးလို့ ရသေ့တောင် မီးသတ်တပ်ဖွဲ့နဲ့ အစ်ကိုတို့ အရံမီးသတ်အဖွဲ့တို့စောင့်ကြည့်နေတယ်"ဟုပြောသည်။

ရသေ့တောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်သိန်းကလည်း တောမီးလောင်နေသည်မှာ ဟုတ်မှန်ကြောင်း အတည်ပြုပြောကြားသည်။

"တောမီးလောင်တာပါ။ ပြင်းပါတယ်။အလိုအလျောက်လောင်တာပါ။ အဲဒီနားမှာ တပ်မ ၅၃၈လည်းရှိတော့ မီးသတ်တပ်ဖွဲ့နဲ့ အဲဒီတပ်က စစ်သားတွေနဲ့ မီးဝိုင်းငြိမ်းကြလို့မီး ငြိမ်းနေပါပြီ"ဟု သူကပြောသည်။

အဆိုပါမီးလောင်ကျွမ်းခြင်းကြောင့် ထိခိုက်မှုတစ်စုံတစ်ရာမရှိကြောင်း၊ ၄င်းမီးမှာ ယနေ့ ညနေ၇နာရီကျော်ခန့်မှ ၉ နာရီခန့်အထိ လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင်မီးငြိမ်းနေပြီဖြစ်ကြောင်း ယနေ့ည ၁ဝနာရီခန့်က ဦးအောင်မြင့်သိန်းက အတည်ပြုပြောဆိုသည်။

အဆိုပါတောင်တန်းမှာ မြို့နှင့် ကပ်လျက် တောင်တန်းဖြစ်သည့် အတွက် ရသေ့တောင်မြို့သူ/မြို့သားများ အကြားတွင် စိုးရမ်မှုများ ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။

April 21, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ကမ်းရိုးတန်းမှတစ်ဆင့် တောင်ကုတ်နှင့်ရမ်းဗြဲမြို့နယ်များအား...
April 20, 2026
ကျော်သီဟ — ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာကို အကြမ်းဖက်စစ်‌ကော်မရှင်လေတပ်က ဧပြီ (...
April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...