လားနွန် – ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် စစ်ဘေးရှောင် (၅၀၀၀) ကျော်အပါအဝင် ဒေသခံပြည်သူ (၂၀၀၀၀) ကျော်တို့သည် စားနပ်ရိက္ခာပြတ်လပ်မှုကို လတ်တလောကြုံတွေ့နေကြရဆဲဟု ချင်းစစ်ဘေး ရှောင်ပြည်သူများ ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေး ကော်မတီ (RRCCI) ကပြောဆို လိုက်သည်။
RRCCI ပြောခွင့်ရပုဂ္ဂိုလ် ဦးစောမြက “ပလက်ဝမြို့နဲ့ (၁၀) မိုင် ပတ်ပတ်လည်လောက်ရှိတဲ့ ရွာ (၁၅) ရွာ လောက်ရှိတယ်၊ ပလက်ဝမြို့ပေါ်မှာ ဒုက္ခသည်က (၅) ထောင်ကျော်ကျော်လောက်ရှိတယ်၊ မြို့သူမြို့သားတွေက (၂) ထောင်ကျော်လောက်ရှိတယ်၊ အဲဒီ (၁၀) မိုင်ပတ်ဝန်းကျင်က (၁၅) ရွာလောက်ကလူတွေအကုန်ပေါင်းရင် လူဦးရေ (၂) သောင်းကျော်လောက်ရှိတယ်၊ အဲဒီပလက်ဝမြို့ပေါ်မှာရောက်တဲ့ ဆန်အိတ် (၂) ထောင်ကျော်က (၂) ပတ်စာပဲရှိမယ် အခုက တစ်လကျော်သွားပြီဆိုတော့ ကုန်နေပြီဖြစ်နေတယ်၊ လူဦးရေများလို့ အခုက လမ်းကြောင်းတွေပိတ်ထားလို့ သွားလို့လာလို့မရလို့ စားစရာမရှိတော့ဘူးလေ နည်းနည်းပိုရှိတဲ့လူစီကမျှမျှပြီး စားရတဲ့အနေအထားရောက်နေတယ် နောက်ပြီးတော့ တစ်ချို့အရင်ကတည်းက လှောင်ထားတဲ့လူတွေက ဆန်တစ်အိတ်ကို (၇) သောင်း (၈) သောင်းအဲလိုဈေးပေါက်နေတယ်” ဟု ဦးစောမြက ပြောသည်။
မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) အကြားစစ်ရေးပဋိပက္ခကြောင့် ပလက်ဝမြို့တွင် အိမ်ထောင်စု ၁၁၃၂ စု လူဦးရေ ၅၀၉၀ ဦး၊ ဆမီးမြို့တွင် အိမ်ထောင်စု (၆၉၈) စု၊ လူဦးရေ (၂၉၆၁) ဦးတို့ နေရပ်စွန့်ခွါထွက်ပြေး တိမ်းရှောင်လျက်ရှိကြသည်ဟု RRCCI ကပြောသည်။
ဆမီးမြို့ရှိ တိုက်ပွဲရှောင်များအတွက် မတူပီမြို့မှ ဆန်အပါအဝင် ရိက္ခာများ၊ ထောက်ပံ့ကူညီရေးပစ္စည်းများ အချိန်နှင့် တစ်ပြေးညီပေးပို့နိုင်သော်လည်း ဆမီးမြို့မှ မိုင် (၄၀) နီးပါးကွာဝေးသည့် ပလက်ဝမြို့နှင့် အနီးတဝိုက် ဧပြီ ၁၉ ရက်နေ့တွင် ဆန်အိတ် (၈၃၀) နှင့် ပြည်နယ်အစိုးရအစီအစဉ်ဖြင့် ပို့ပေးသည် ဆန်အိတ် ၂၀၀၀ နှင့် အခြားရိက္ခာများ၊ WFP မှပို့ဆောင်ပေးသည့် ဆန်အိတ်ရေ (၁၀၀၀) စုစုပေါင်း ၃၈၃၀ သာရောက်ရှိသေးသည့်အတွက် စားနပ်ရိက္ခာပြတ်လပ်မှုကြုံတွေ့နေကြရခြင်းဖြစ်သည်ဟု RRCCI ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ချင်းပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်က “ကျနော်တို့ ဇွန်လိုင်လအထိတော့ ကျနော်တို့မှာ စားဖို့သောက်ဖို့ ကျနော်တို့မှာ သိုလှောင်ထားပြီးသား ခက်တာကလည်း နယ်မြေမငြိမ်းချမ်းတော့ ဟိုနားဒီနားပို့ဖို့အတွက်ခက်နေတယ်၊ ဒါပေမဲ့လိုအပ်ချက်အရတော့ ကျနော်တို့လုပ်ပေးထားတယ် နောက်ထပ်လည်း ငါးလစာထပ်ဖြည့်ဆည်းဖို့ရှိပါတယ်၊ တစ်ခုတော့ရှိတယ် မငြိမ်းချမ်းတဲ့ဒေသမှာတော့ ကျနော်တို့က IDP စစ်ဘေးရှောင်အဖွဲ့အတွက်ပဲ ကျနော်တို့သိနိုင်တယ် စစ်ဘေးရှောင်အဖွဲ့ရဲ့ အခက်အခဲပဲသိနိုင်တယ်၊ ရွာမှာနေတယ် မပြောင်းမထွက်လာတဲ့သူတွေရဲ့ အခက်အခဲကို ကျနော်တို့အနေနဲ့ သွားရောက်ပြီးတော့ ဖြေရှင်းနိုင်ဖို့ဆိုတာ အခက်အခဲရှိတယ် အဲဒါကျနော်တို့ သတ်မှတ်ထားတဲ့ မီးဇာတို့ ပလက်ဝတို့ ဆမီးတို့မှာ ရောက်လာတဲ့ဒုက္ခသည်တွေကို စစ်ဘေးရှောင်ကိုပဲအဓိကထားပြီးထောက်ပံ့နေတယ်” ဟုပြောသည်။
ချင်းပြည်နယ်အစိုးရအဖွဲ့၏ နောက်ဆုံး ရရှိသည့် စာရင်းအရ ပလက်ဝမြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူ လူဦးရေ (၉၃၃၇) ဦး အိမ်ထောင်စုက (၂၁၃၅) စုရှိသည်ဟု ချင်းပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်ကပြောသည်။
ပလက်ဝမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်အတွက် ပလက်ဝမြို့နယ်တိုက်ပွဲရှောင်ကူညီရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီကို ချင်းပြည်နယ်အစိုးရအဖွဲ့က မေလ (၁၃) ရက်နေ့က ဖွဲ့စည်းခဲ့သည်။







