COVID-19 ကြောင့် အိန္ဒိယတွင်သောင်တင်နေသော မြန်မာကျောင်းသားများ မေလ ၁၆ တွင် ပြန်လာကြမည်

COVID-19 ကြောင့် အိန္ဒိယတွင်သောင်တင်နေသော မြန်မာကျောင်းသားများ မေလ ၁၆ တွင် ပြန်လာကြမည်

အိန္ဒိယနိုင်ငံတွင် ကျမ်းစာကျောင်းတက်ရောက်ပြီး COVID-19 ကယက် Lockdown ကြောင့် သောင်တင်နေကြသည့် မြန်မာနိုင်ငံမှ ကျမ်းစာကျောင်းသား ၃၂ ယောက်တို့သည် မီဇိုရမ်နှင့် ချင်းပြည်နယ်အစိုးရတို့၏အစီစဉ်ဖြင့် မေလ ၁၆ ရက်နေ့တွင် မြန်မာနိုင်ငံသို့ပြန်လာကြမည်ဟု ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်ကပြောသည်။

“သူတို့က ချင်းရယ်လို့တော့မဟုတ်ဘူး။ ကချင်ပြည်နယ်ကလည်းရှိတယ်၊ ရန်ကုန် မန္တလေး ဘက်ကလည်းရှိတယ်။ မနေ့က မီဇိုရမ်ဝန်ကြီးချုပ် Pu Zoramthanga ကို ကျနော်ကစာရေးပို့လိုက်တယ်၊ တကယ်လို့ပို့နိုင်တယ်ဆိုရင် ၁၆ ရက်နေ့ကို ဒီဘက်ကိုလမ်းရှင်းပေးမယ် ပြောလိုက်ပါတယ်။

သူတို့နယ်စပ်ထိလိုက်ပို့ပေးမယ် ကျနော်တို့က နယ်စပ်တံတားမှာ လက်ခံပြီးတော့ ကျန်းမာရေးစစ်ဆေးမှုတွေလုပ်မယ်၊ စစ်ဆေးမှုလုပ်ပေးတော့ လုပ်ပြီးတာနဲ့ ရိဒ်မှာပဲ Quarantine ထားမယ်၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်အရ သူတို့က နိုင်ငံခြားကဝင်လာတာဖြစ်တဲ့အတွက်ကြောင့် နယ်စပ်မှာ စနစ်တကျ Quarantine ထားဖို့လမ်းညွှန်ချက်ရှိပါတယ်။ အဲဒါလည်း ကျောင်းသားတွေကို နားလည်အောင်လည်း ပြောတော့ပြောထားပြီ ပြန်လာရင် ရိဒ်မှာ Quarantine ထားပြီးတော့ ၂၁ ရက်ပြည့်မှပဲ သူတို့နေရပ်ပြန်ဖို့ အစီအစဉ်တော့ရှိတယ်” ဟု ဝန်ကြီး ဦးပေါင်လွန်မင်းထန် ကပြောသည်။

အဆိုပါ ကျမ်းစာကျောင်းသားများသည် မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့နှင့် အာသံပြည်နယ် ဂိုဟာတီမြို့တို့တွင် Facility Quarantine အဖြစ် တစ်လ ခန့်သောင်တင်နေကြပြီဖြစ်၍ ၎င်းတို့၏နေရပ်ပြန်နိုင်ရေးကိစ္စကို ချင်းပြည်နယ်နှင့် မီဇိုရမ်ပြည်နယ်အစိုးရအဖွဲ့တို့က ဆွေးနွေးညှိနှိုင်းခဲ့ကြပြီးနောက် မေလ ၁၆ ရက်နေ့တွင် ပို့ဆောင်ရန်စီစဉ်ထားကြခြင်းဖြစ် သည်။

မီဇိုရမ်အစိုးရအနေဖြင့် အဆိုပါကျောင်းသားများကို အိုင်ဇောလ်မြို့မှ အိန္ဒိယ-မြန်မာနယ်စပ် အမှတ် (၂) ကုန်သွယ်ရေးစခန်း ရိ-ဇိုခေါထားဂိတ်အထိ ပို့ဆောင်မည်ဖြစ်ပြီး ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးကိုယ်တိုင် ရိခေါဒါရ်မြို့နယ်စပ်ဂိတ်အထိ သွားရောက်ကြိုဆိုကြမည်ဖြစ်သည်။

ချင်းပြည်နယ်နှင့်နယ်နိမိတ်ချင်းထိစပ်နေသော မီဇိုရမ်ပြည်နယ်တွင် သောင်တင်နေကြသည့်အခြားသောမြန်မာနိုင်ငံသားများအနေဖြင့်လည်း ပြန်လာလိုပါက ချင်းပြည်နယ်အစိုးရအဖွဲ့ထံ အကြောင်းကြားကာ ပြန်လာ၍ရကြောင်း သို့သော်လည်း နယ်စပ်မြို့ရိခေါဒါရ်တွင် (၂၁) Quarantine ဝင်ရောက်ရမည် ဟု ဝန်ကြီးဦးပေါင်လွန်မင်းထန်ကပြောသည်။

ယခုလက်ရှိတွင် အိန္ဒိယ-မြန်မာအမှတ်(၂) နယ်စပ်ကုန်သွယ်ရေးဂိတ်သည် ဆက်လက်ပိတ်ထားဆဲဖြစ်ပြီး မည်သည့်အချိန်ထိ ဆက်လက်ပိတ်ထားမည်ကိုမူ ပြည်ထောင်စုအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ပေါ်မူတည်သည်ဟု ဝန်ကြီးကဆက်ပြောသည်။

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...