လွယ်ဂျယ်နယ်စပ်ဂိတ်မှ ဝင်လာသော တရုတ်ပြည်တော်ပြန် လေးထောင်နီးပါး ရှိလာ

လွယ်ဂျယ်နယ်စပ်ဂိတ်မှ ဝင်လာသော တရုတ်ပြည်တော်ပြန် လေးထောင်နီးပါး ရှိလာ

တရုတ်နိုင်ငံမှ  ပြန်လာသည့် မြန်မာနိုင်ငံသားအရေအတွက် ဧပြီ ၁၆ မှ ၂၇နေ့အတွင်း  ၃၇၉၁ ဦးရှိပြီဖြစ်ကြောင်း ကချင်ပြည်နယ် လူဝင်မူကြီးကြပ်ရေးနှင့် လူ့စွမ်းအင်ဝန်ကြီး ဦးဇော်ဝင်းထံမှ သိရသည်။

လွယ်ဂျယ်နှင့် ကန်ပိုင်တီ နယ်စပ်ဂိတ်များမှ ဝင်ရောက်လျက်ရှိရာ ကချင်ပြည်နယ် ဒေသခံဦးရေ ၂၈၉၇ ဦးဖြစ်ပြီး ပြည်နယ် ပြင်ပမှ ဦးရေ ၈၉၄ ဦးဖြစ်ကြောင်း  ဦးဇော်ဝင်းကပြောသည်။

“ကချင်ပြည်နယ်ပြင်ပကလူတွေကိုတော့ လွယ်ဂျယ်မှာပဲ Q (သွားလာမှုကန့်သတ်လျက် ကျန်းမာရေးဆိုင်ရာ စောင့်ကြည့်မှုအစီအစဉ်) လုပ်ထားတာဖြစ်တယ်။ အဲလိုလုပ်ထားတဲ့နေရာမှာ ၂ပိုင်းရှိတယ်။ လွယ်ဂျယ်မှာတော့ လွယ်ဂျယ်ဒေသခံတွေ၊ နောက်ပြီးတော့ ကချင်ပြည်နယ်ပြင်ပကလူတွေကို လုပ်ထားတာဖြစ်တယ်။ ဒါပေမယ့် လွယ်ဂျယ်မှာလုပ်ထားတဲ့ Q နေရာကလည်း အများဆုံး လူဦးရေ ၅၀၀လောက်ပဲ ဆံ့တယ်” ဟု ပြောသည်။

သို့သော်လည်း စစ်ကိုင်းတိုင်းအစိုးရ၏ဆက်သွယ်လာမှုကြောင့် လူဦးရေ ၂၀၀ ခန့်ကို ပြည်နယ်ကျော်ကာ ပို့ဆောင်လိုက်ပြီဟု သိရသည်။

လွယ်ဂျယ်တွင် Q နေရာ မလုံလောက်မည်ကို စိုးရိမ်သဖြင့် ဗန်းမော်ခရိုင်တွင် ပြင်ဆင်နေသည်ဟုလည်း သိရသည်။

လွယ်ဂျယ် အ.ထ.က ကျောင်းနှင့် တရုတ်မင်္ဂလာခန်းမ ကျောင်းတွင် Q နေရာအဖြစ် စီစဉ်ထားပြီး နောက်ထပ်ဝင်ရောက်လာမည့် ပြည်တော်ပြန်များအား ထိထိရောက်ရောက် ပို့ဆောင်ပေးနိုင်ရန်စီစဉ်ထားပြီး ဖြစ်ကြောင်း မိုးမောက်မြို့နယ် မဲဆန္ဒနယ်(၁)မှလွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်း ယခုလိုပြောသည်။

“ဒီရက်ပိုင်းတွင်းမှာဆို စစ်ကိုင်း၊ ကောလင်း၊ ဝန်းသိုဘက်ကလာတယ်။ အဲဒါတွေကို တပ်မတော်က ကားတွေနဲ့ တောက်လျှောက်ပို့နေပါတယ်။ ဥပမာ ကျနော်တို့ကတော့မပြန်ဘူး။ လွယ်ဂျယ်မှာဘဲ လုပ်ကိုင်စားသောက်မယ်ဆိုရင်တော့ အဲမှာထားမှာ ဖြစ်တယ်။ ကျနော်တို့ကပြန်မယ် ဆိုတဲ့လူတွေကိုကျတော့ တစ်ရက်ထဲတစ်ခါတည်း တိုက်ရိုက်ချိတ်ဆက်ပြီးတော့ ပို့ပေးပါတယ်။ ဒီချိန်မှာ ခရီးသည်တင်တဲကားတွေကလည်း မရှိတဲ့ချိန်ကျတော့တပ်မတော် ထောက်ပို့က ကားတွေစီစဉ်ပြီးပို့ပေးပါတယ်” ဟု မိုးမောက်မြို့နယ် မဲဆန္ဒနယ် (၁) မှလွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်းက ပြောသည်။

တရုတ်ပြည်တော်ပြန်များတွင် ယနေ့ထိ ပိုးတွေ့လူနာမရှိသေးကြောင်း သိရသည်။

ပြည်တော်ပြန်များကို ကျန်းမာရေးစစ်ဆေးမှုနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံမှအထွက်တွင်တစ်ကြိမ်၊ မြန်မာနိုင်ငံ အဝင် လ.ဝ.က ဂိတ်၊ မိုးမောက်ကျောက်စခန်း စသည့်နေရာများတွင် သုံးကြိမ်တိုင်တိုင် ကျန်းမာရေးစစ်ဆေးမူများ ပြုလုပ်ပြီးမှသာ မြစ်ကြီးနားသို့ ခေါ်ဆောင်လာခြင်းဖြစ်သည်ဟု ပြောသည်။

ကချင်ပြည်နယ် နယ်စပ်ဂိတ်များဖြစ်သည့် လွယ်ဂျယ် နှင့် ကန်ပိုင်တီဂိတ်များတွင် ဧပြီလ ၁၆ရက်နေ့မှ ဧပြီလ ၂၇ရက်နေ့ထိ လွယ်ဂျယ်ဂိတ်မှဝင်ရောက်လာသူ ကချင်ပြည်နယ် ပြင်ပ စုစုပေါင်း ၈၃၄ ဦး၊ ကချင်ပြည်နယ်ပြည်တွင်း ၂၆၈၅၊ စုစုပေါင်း ၃၅၁၉ရှိပြီး၊ ကန်ပိုင်တီဂိတ်မှ ဝင်လာသူ ကချင်ပြည်နယ်ပြင်ပ ၆၂ဦး၊ ကချင်ပြည်နယ် ပြည်တွင်း ၂၁၂ဦး စုစုပေါင်း၂၇၄ ဦးရှိကြောင်း သက်ဆိုင်ရာဌာနမှသိရသည်။

ကချင်ပြည်နယ်အစိုးရအနေဖြင့် လက်ရှိကမ္ဘာတစ်ဝှမ်းဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်ရောဂါကာကွယ်ထိန်းချုပ်မည့်လုပ်ငန်းတွင် ကချင်ပြည်နယ်အစိုးရအနေဖြင့် သင်္ကြန်ကာလအတွင်း နေ့စဉ်ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစားများတွက် ငွေကျပ်သန်း ၁သိန်း ၅သောင်းခန့်သုံးစွဲထားပြီဖြစ်ကြောင်း လဝက ဝန်ကြီး ဦးဇော်ဝင်းကပြောသည်။

“ကျနော်တို့ Covid-19 နှင့် တိုက်ရိုက်သက်ဆိုင်တဲ့ ကိစ္စကျတော့သင်္ကြန်ကာလအတွင်း Home Stayလုပ်ဖို့ဆိုတဲ့ကိစ္စမှာ ပြည်ထောင်စုကနေညွှန်ကြားလာတဲ့တိုင်း မိသားစုကိုဘယ်လောက်ထောက်ပံ့ပါဆိုပြီး ပြောလာတဲ့ခါမှာ ကချင်ပြည်နယ်တစ်ခုလုံးမှာတော့ သိန်းပေါင်း ၁သောင်း ၆ထောင်လောက်ကူညီခဲ့တယ်။ တစ်ဖက်မှာလည်း Covid-19 နဲ့ပတ်သက်ပြီးတော့ ကုသရေးမှာကောထိန်းချုပ်ရေးမှာကော ကာကွယ်ရေးမှာကော ကျနော်တို့ပြည်နယ်အတွင်းမှာ ကျောက်မျက်အဖွဲ့ကလည်း သိန်း ၂ထောင်လှူထားတာလည်းရှိပါတယ်။ နောက်ထပ်လှူတဲ့သူတွေလည်း ရှိတော့ ပြည်ထောင်စုကနေညွှန်ကြားလာလို့ရှိရင်တော့ ဆက်ပြီးစီမံဆောင်ရွက်သွားဖို့တွေရှိပါတယ်” ၎င်းကဆိုသည်။

ဧပြီလ ၂၈ရက်နေ့တွင်လည်း လွယ်ဂျယ်ဂိတ်မှ မြန်မာနိုင်ငံတွင်းသို့ပြန်လည်ဝင်ရောက်လာမည့်သူများသည် လူဦးရေ စုစုပေါင်း ၂၀၀ကျော်ရှိမည်ဖြစ်ကြောင်း သက်ဆိုင်ရာဌာနထံမှသိရသည်။

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...