Covid-19 ရောဂါ ဖြစ်ပွားနေတဲ့ လက်ရှိ အခြေအနေမှာ မြစ်ကြီးနားမြို့ပေါ်က အခြေခံ လူတန်းစားတွေရဲ့ လှုပ်ရှားရုန်းကန်နေရတာတွေကို မြစ်ကြီးနားသတင်းဂျာနယ်က လိုက်လံ မေးမြန်းထားပါတယ်။
မြစ်ကြီးနားမြို့ပေါ်မှာ ဈေးရောင်း ဈေးဝယ်သူတွေ သိသိသာသာ လျော့နည်းသွားပြီး ဈေးသည် အချို့မှာ ရောင်းအား သိသိသာသာ ကျဆင်းသွားပေမဲ့ မိသားစု စားဝတ်နေရေးအတွက်ကြောင့် မဖြစ်မနေ ဈေးရောင်းနေရတာလို့ ဈေးရောင်းသူတွေက ဆိုပါတယ်။
"ရောင်းအားက တစ်သောင်းဖိုးတောင်မှ မရောင်းရတော့ဘူး။ အရင်ကဆို ၂သောင်း၊ ၃သောင်း အလွန်ဆုံး ၁သိန်းဖိုးထိ ရောင်းရတယ်။ သိသိသာသာ ကျဆင်းတယ်။ မလွယ်ဘူး။ ပန်းဖိုးပေးရတာနဲ့ စားရတာနဲ့ဆို မလွယ်ဘူး။ တစ်ခါတလေ စိတ်တောင်မှ ရှုပ်တယ်။ တစ်မိသားစုလုံးကို ဒါရောင်းပြီးမှ ကျွေးရတာ” လို့ ပန်းသည် တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် သစ်သီးသည်တစ်ဦးကလည်း "ရောင်းအားကတော့ တကယ်သိသိသာသာကြီးကို ပါးသွားတယ်။ တချို့ကျတော့ အိမ်ထဲမှာပဲ နေကြတယ်ဆိုတော့ အပြင်ထွက်တဲ့သူ နည်းသွားပြီလေ။ ကိုယ်တွေကတော့ တကယ်ဈေးရောင်းတဲ့သူဆိုတော့ တကယ် သိသိသာသာ ပါးသွားတယ်။ ဒီတစ်ခေါက်တော့ ရှုံးမယ်ထင်တာပဲ မှန်းထားပြီ။ ရှုံးမယ်လို့တော့။ မိသားစု စားဝတ်နေရေးလည်း ရှိတာပေါ့။ သူများတွေ အိမ်ထဲမှာနေတော့ နေချင်တာပေါ့"လို့ဆိုပါတယ်။
ဈေးရောင်း ဈေးဝယ်သူတွေ အတွက် စနစ်တကျနဲ့ သန့်သန့်ရှင်းရှင်း ရောင်းဝယ်နိုင်ဖို့ ဈေးသန့်ရှင်းရေး လုပ်ငန်းတွေကို လုပ်နေရတယ်လို့ စည်ပင် သန့်ရှင်းရေး ဝန်ထမ်းတွေက ပြောပါတယ်။
"ဦးလေးတို့ကျတော့ မဖြစ်မနေ သန့်ရှင်းရေး လုပ်ပေးရတာပေါ့။ ဦးလေးတို့ကို စည်ပင်အရာရှိတွေက ကျန်းမာရေးဝန်ဆောင်မှုတွေ ပေးတယ်။ အပြင်ထွက်တဲ့အခါ နှာခေါင်းစည်းတပ်ဖို့၊ လက်အိတ်စွပ်ဖို့တို့ ပြောပေးထားတယ်။ အရာရှိတွေ ပြောသလို လိုက်နာဆောင်ရွက်တယ်။ ဦးလေးတို့ ဒီလို သန့်ရှင်းရေးမလုပ်ဘူးဆိုရင် ဈေးသည်၊ ဈေးဝယ်တွေလည်း သန့်သန့်ရှင်းရှင်းနဲ့ မဝယ်နိုင်ဘဲနဲ့ ဒီအတိုင်း အမှိုက်တွေ ပစ်ထားမယ်ဆိုရင် အကုန်လုံး ရောဂါဘာညာ ရရင်လည်း ရသွားနိုင်တယ်ပေါ့။ ပြည်သူလူထုတွေ ရောဂါမရနိုင်အောင် ဈေးမှာရှိတဲ့ အမှိုက်ကို နေ့တိုင်း သန့်ရှင်းရေး ဝင်ပေးရတယ်” လို့စည်ပင်သန့်ရှင်းရေးဝန်ထမ်း အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
သုံးဘီး မောင်းသူတွေ အနေနဲ့လည်း ငှားရမ်းစီးနင်းမယ့်သူ မရှိတဲ့ အတွက် ရေရှည် ခက်ခဲမှာကို စိုးရိမ်နေတယ်လို့ ဆိုပါတယ်။
"အခုချိန်ထိတော့ တစ်ကြောင်းမှ မဆွဲရသေးဘူး။ ဒီတိုင်းပဲ အိမ်မှာလည်း မနေတတ်လို့သာ လာနေရတာ။ ဈေးဦးမပေါက်ဘူး။ တစ်ရက်မှ မထွက်ရဘူး ကြာလှပြီ။ သုံးဘီးရှိတဲ့သူက အစိုးရဝေတဲ့ ဆန်ဘာညာဆိုတာကလည်း သုံးဘီးသမားတွေ မရဘူး။ ဟုတ်လား၊ မဟုတ်လားတော့ မသိဘူးပေါ့။ ဒီထက် ရက်တွေကြာလာရင်တော့ ဘာတွေဖြစ်လာမလဲ မသိဘူး။ လောလောဆယ်တော့ ဆန်အိတ်တစ်အိတ်ရှိတာပဲ။ ဒါလေးနဲ့ မျှစားနေရတာပေါ့”လို့ သုံးဘီးယာဉ်မောင်းက ဆိုပါတယ်။
လက်ရှိအခြေအနေမှာ ဈေးရောင်းသူတွေ ရောင်းအား သိသိသာသာ ကျဆင်းလာတာကြောင့် ရေရှည်အတွက် ခက်ခဲလာမှာကို စိုးရိမ်နေကြပါတယ်။







