ကပ်တဲလ်ရွာကို သွားလာဝင်ထွက်မှုကန့်သတ်ရက် ထပ်တိုး၊ တီးတိန်မြို့ကို ကန့်သတ်ရန် မဖြစ်နိုင်သေး

ကပ်တဲလ်ရွာကို သွားလာဝင်ထွက်မှုကန့်သတ်ရက် ထပ်တိုး၊ တီးတိန်မြို့ကို ကန့်သတ်ရန် မဖြစ်နိုင်သေး

လားနွန် – Covid-19 လူနာအမှတ် (၁) နေထိုင်ခဲ့သည့် ချင်းပြည်နယ် တီးတိန်မြို့နယ် ကပ်တဲလ်ကျေးရွာကို ဝင်ထွက်သွားလာမှု ကန့်သတ် Lockdown ရက် ၇ ရက် ထပ်တိုးလိုက်ပြီး တီးတိန်မြို့ကို Lockdown ချမည့်ကိစ္စမှာ အခြေခံလိုအပ်ချက် အများအပြား ရှိနေသေး၍ မဖြစ်နိုင်သေးဟု ချင်းပြည်နယ်အစိုးရအဖွဲ့ထံမှသိရသည်။

ကပ်တဲလ်ကျေးရွာကိုLockdown ချမှတ်သည့် ကာလ ဧပြီ ၂၁ ရက်တွင် ကုန်ဆုံးပြီဖြစ်သော်လည်း ချင်းပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ဧပြီ ၂၈ ရက်အထိ ၇ ရက်တာ ထပ်မံတိုးမြှင့်လိုက်ခြင်းဖြစ်သည်။

ချင်းပြည်နယ်အစိုးရအဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီးဦးစိုးထက်က “ကျနော်တို့ တီးတိန်ကိုလောလောဆယ် Lockdown ချဖို့မရှိသေးပါဘူး၊ လူနာပထမဆုံးထိတွေ့ခဲ့တဲ့ ကပ်တဲလ်ကို ကျနော်တို့ Lockdown ချထားတယ်၊ လူနာမကြာမကြာတွေ့နေမယ်ဆိုရင် Lockdown ကတော့ ကျနော်တို့ သက်တမ်းတိုးပြီးတော့ လုပ်သွားမယ့်သဘောတော့ဖြစ်တယ်” ဟု ပြောသည်။

တီးတိန်မြို့ကို Lockdown ပြုလုပ်ရန် မရှိဆိုသော်ငြား ပြင်ဆင်မှုများ  ဆောင်ရွက်နေကြောင်း ပြည်နယ်ဝန်ကြီးက ဆိုသည်။ ရေ၊ မီး၊ ယာဉ်ကအစ စားနပ်ရိက္ခာ၊ သယ်ယူပို့ဆောင်ရေး၊ ပြုစုထိန်းသိမ်းရေး ဆောင်ရွက်ပေးရန် လိုအပ်ချက်များစွာ ရှိကြောင်းလည်း ပြောသည်။ တွန်းဇံနှင့် ကျီခါးမြို့များသို့ သွားလာရေးပါ ပိတ်ဆိုင်းသွားနိုင်ဖွယ်ရှိကြောင်း ပြည်နယ်ဝန်ကြီးက သုံးသပ်ပြသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် စနစ်တကျ ကြိုတင်ပြင်ဆင်မှုမရှိဘဲ တီးတိန်မြို့ကို Lockdown ချမည်ဆိုပါက တီးတိန်မြို့ခံပြည်သူများအပြင် ကျေးလက်ဒေသနေ ပြည်သူများလည်း ဒုက္ခရောက်သွားနိုင်သည်ဟု Covid-19 Emergency Committee – Tedim မှ ကိုထောင်ရှန်းတုန်က ပြောသည်။

“ဒီအချိန်မှာ အစိုးရရဲ့ တာဝန်ခံမှု၊ တာဝန်ယူမှုအပေါ်မှာတော့ ဘာမှမပြောလိုပါဘူး။ ဒါပေမဲ့ တခြားစားဝတ်နေရေး အခြေခံစားကုန်တွေ၊ တီးတိန်ကဖြစ်ချင်တော့ တွန်းဇံသွားရင်လည်း တီးတိန်ဖြတ်ရတာကိုး။ ရှောင်ကွင်းလမ်းလည်းမရှိဘူးလေ၊ ဆိုတော့ Lockdown ချရင်ဒီကိစ္စတွေလည်း ဒုက္ခရောက်မှာဆိုတာလည်းရှိတယ်။ ပြီးရင်နယ်ကလူတွေက စားရေးသောက်ရေးက တီးတိန်မြို့ပေါ်မှာပဲလာဝယ်ကြတာဆိုတော့ Lockdown ချလိုက်ရင် ကျနော်တို့ မြို့မှာနေတဲ့သူတွေထက်စာရင် နယ်ကလူတွေအတွက် ပိုပြီးစိုးရိမ်ရတယ်။ အခု သူတို့ Lockdown ချမယ်ဆိုပြီးတော့ ကျနော်တို့ သတင်းကြားတယ် ။ဒါပေမဲ့သူတို့မှာ ကြိုတင်ပြင်ဆင်မှုက ဘာမှမရှိဘူး။ အဲဒါတကယ်လို့ Lockdown ချမယ်ဆိုရင် လိုအပ်မယ့်စားကုန်တွေ ဆန်၊ ဆီ၊ ဆား၊ ငါးပိကအစ သူတို့ပြင်ဆင်ပြီးတော့ စုထားမယ်ဆိုရင်တစ်မျိုး အခုဘာမှလည်းမရှိ ဒီတိုင်း Lockdown ချရင်တော့ ကျနော်တို့ပဲ ဒုက္ခရောက်မယ်” ဟု ကိုထောင်ရှန်းတုန်ကပြောသည်။

တီးတိန်မြို့နယ်တွင် Covid-19 လူနာအမှတ် (၁) နှင့် ထိစပ်နေသူ (၄) မှာ ရောဂါပိုးတွေ့ရှိထားပြီး ယခုလက်ရှိ တီးတိန်မြို့နယ်တွင် ပိုးတွေ့လူနာ စုစုပေါင်း (၅) ဦးရှိကြောင်း  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...
May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...