တရုတ်ပြန် မြန်မာအချို့ မြစ်ကြီးနားသို့ ရောက်ရှိ၊ တစ်သောင်းခန့် ပြန်လာမည်

တရုတ်ပြန် မြန်မာအချို့ မြစ်ကြီးနားသို့ ရောက်ရှိ၊ တစ်သောင်းခန့် ပြန်လာမည်

တရုတ်နိုင်ငံမှ ပြန်လာသည့် မြန်မာနိုင်ငံသားအချို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့စီတာပူရပ်ကွက်ရှိ ကုန်တင်ကုန်ချစခန်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း စီတာပူရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ကချင်ပြည်နယ် နယ်စပ်ဂိတ်မှ ဝင်ရောက်လာရန်ရှိသည့် ပြည်တော်ပြန်များအနက် ဦးရေ ၂၀၀၀ ခန့် ယင်းကုန်တင်ကုန်ချစခန်းသို့ ရောက်ရှိလာမည်ဖြစ်ပြီး  ဧပြီ ၁၆ ရက်နေ့တွင် ပထမအသုတ် ၁၂၆ ဦး ဝင်ရောက်လာရာ ည ၇ နာရီကျော်တွင် ၁၀ ဦးရောက်ရှိနေပြီးဖြစ်ကြောင်း သိရသည်။ ကျန်ရှိသည့် ဦးရေ၁၀၀ ကျော်မှာလည်း ယင်းည ၁၁ နာရီခန့်တွင် ထပ်မံရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ  ၁၂၆ ဦးတွင် မြစ်ကြီးနားမြို့နယ်မှ ၈ ဦး ပါဝင်ကြောင်း သိရသည်။

ပြည်တော်ပြန်များကို လိုအပ်သည့် ကျန်းမာရေး စိစစ်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ကုန်တင်ကုန်ချစခန်းမှ သက်ဆိုင်ရာ မြို့နယ်အသီးသီးသို့ ထပ်မံ လွှဲပြောင်းကာ (၂၁)ရက်တာ စောင့်ကြည့်မှု ပြုလုပ်သွားမည်ဖြစ်ကြောင်း မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းကပြောသည်။

"အခု ဆေးစစ်ပြီး home quarantine တစ်ခါတည်း လုပ်မယ်။ ကျန်တဲ့ မြို့က လူတွေကို အံတော်ရှင်ကျောင်းမှာ တစ်ည တည်းခိုင်းပြီး နောက်မနက်မှ လွှဲသွားမယ်” ဟု ဦးသန်းဝင်းကပြောသည်။

အဆိုပါကုန်တင်ကုန်ချစခန်းသည် လူနေအိမ်ခြေများနှင့် နီးကပ်နေသောကြောင့် စိုးရိမ်လျက်ရှိကြောင်း အနီးအနားတွင် နေထိုင်သည့် ဒေသခံ ကိုဆွတ်နောင်တူးက ပြောသည်။

“စိုးရိမ်တယ်ဆိုတာက အခုသူတို့ နေရာချမယ့် နေရာက လူနေအိမ်ခြေတွေနဲ့လည်း တအားနီးတယ်။ စစ်ရှောင်စခန်းနဲ့လည်း နီးတယ်။ ကပ်လျက်က ခြံဝင်းဆို မိဘမဲ့ဂေဟာ ဖြစ်တယ်။ အဲဒီတော့ စိုးရိမ်တာ၊ လူအဝင်အထွက်မရှိတဲ့ တခြားနေရာတွေမှာ လုပ်သင့်တာပေါ့” ဟု ၎င်းကပြောသည်။

ကျန်းမာရေးဌာန၏ ညွှန်ကြားချက်များနှင့်အညီ စိစစ်ဆောင်ရွက်နေသောကြောင့် စိုးရိမ်ရန် မလိုအပ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောသည်။

"စိုးရိမ်နေကြတဲ့ သူတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ကျန်းမာအောင် ပို ဂရုစိုက်ပါ။ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်ကို လေးစားလိုက်နာရင် ကြောက်စရာ မလိုပါဘူး”ဟု ၎င်းကပြောသည်။

တရုတ်နိုင်ငံမှ ပြည်တော်ပြန် ဦးရေ တစ်သောင်း‌‌‌‌‌‌ကျော် လွယ်ဂျယ် နယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံသို့ ဝင်ရောက်လာရန် ရှိကြောင်း ဗန်းမော်မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ထံမှ သိရသည်။

ဧပြီ ၁၆ရက်က စကာ လွယ်ဂျယ်ဂိတ်မှ ဝင်ရောက်လာမည့် ပြည်တော်ပြန်များအတွက် သွားလာမှုကန့်သတ် သီးခြားထား စောင့်ကြည့်စင်တာ - Quarantine ထားရှိရန်နေရာများကို ကချင်ပြည်နယ်အတွင်း သက်ဆိုင်ရာ မြို့နယ်အလိုက် စီစဉ်ထားပြီးဖြစ်ကြောင်း သိရသည်။

တိုင်းနှင့် ပြည်နယ်အသီးသီးသို့ ပြန်ကြမည့် ပြည်တော်ပြန်များကို လွယ်ဂျယ်စခန်းတွင် ခေတ္တရပ်နားထားပြီးမှသာ သက်ဆိုင်ရာ ပြည်နယ်အစိုးရအချင်းချင်း ချိတ်ဆက်ကာ ပို့ဆောင်ပေးမည် ဖြစ်ကြောင်း၊ ကချင်ပြည်နယ်အတွင်း နေထိုင်သူများဖြစ်ပါက သက်ဆိုင်ရာ မြို့နယ်အစီအစဉ်ဖြင့် (၂၁)ရက်တာ စောင့်ကြည့်ခံကြရမည် ဖြစ်ကြောင်း ဗန်းမော် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

ဗန်းမော်ခရိုင်သို့ ဝင်ရောက်လာမည့် ပြည်တော်ပြန်များအတွက် မိုးမောက်မြို့နယ်တွင် ဦးရေ ၂၀၀၊ လွယ်ဂျယ်တွင် ၂၀၀၊ ဗန်းမော်တွင် ၅၀၀၊ မန်စီတွင် ၁၀၀၊ ရွှေကူတွင် ၂၀၀ ထားပေးနိုင်ရန် စီစဥ်ထားကြောင်း သိရသည်။

တရုတ်နိုင်ငံတွင် အလုပ်လုပ်ကိုင်နေသူ မြန်မာနိုင်ငံသား နှစ်သောင်းကျော်အနက် ထက်ဝက်ခန့် ပြန်လာမည်ဖြစ်ကြောင်း၊ စိစစ်လက်ခံနိုင်မည့် နှုန်းထားအရ တစ်ရက်လျှင် ဦးရေ ၂၀၀ နှုန်း ဝင်ရောက်လာမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်အမတ်ကပြောသည်။

ပြည်တော်ပြန်များကို လက်ခံသည့်ကိစ္စအပေါ် ဗန်းမော်ခရိုင်နေ ပြည်သူအချို့က ကန့်ကွက်နေသလို ဗန်းမော်တက္ကသိုလ် ကျောင်းသားသမဂ္ဂကလည်း ကန့်ကွက်စာကို လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

Most read this week

December 10, 2025
နိုင်ငံတကာတရားစစ်ခုံရုံးကနေ စစ်ကော်မရှင်ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပေးဖို့ ဒီကနေ့ကျရောက်တဲ့...
December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...