သီဟ — မြန်မာနိုင်ငံရေပိုင်နက်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂလားဒေရှ့်ငါးဖမ်းစက်လှေ ခြောက်စီးကို တပ်မတော်(ရေ)စစ်ရေယာဉ်များမှ သတိပေးခြောက်လှန့်ပစ်ခတ်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဧပြီလ ၁၁ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၏ အနောက်မြောက်ဘက် မြန်မာ့ပင်လယ်ပြင်အတွင်း ပြီးခဲ့သည့် ဧပြီ ၇ ရက် ည ၁၀ နာရီခွဲအချိန်ခန့်က ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ နှစ်နိုင်ငံနယ်နိမိတ်မျဉ်း၏ ၃ မိုင်မှ ၆ မိုင်အကွာအတွင်း ဝင်ရောက် လာသည့် စက်လှေ ၆ စင်းအား တွေ့ရှိသဖြင့် မီးအချက်ပြခြင်း၊ အသံချဲ့စက်ဖြင့် အသံပေးခြင်း၊ ဆက်သွယ်ရေးစက်ဖြင့် စစ်ဆေးမှုခံယူရန် ဆက်သွယ်ခဲ့ကြောင်း တပ်မတော်က ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
သို့သော် ယင်းစက်လှေများမှာ ရပ်တန့်ခြင်းမရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သတိပေးခြောက်လှန့် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ရာ ၎င်းတို့ရေပိုင်နက်အတွင်းသို့ ပြန်လည်မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်အရ သိရသည်။
တပ်မတော်အနေဖြင့် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်ရေတပ်စစ်ရေယာဉ် BNS-Somudra Avijan (F-29)မှ စစ်ရေယာဉ်မှူး ဗိုလ်မှူးကြီးအယ်လ်ဆာထံသို့ ဆက်သွယ်ပြောကြားခဲ့ရာ အဆိုပါ ဘင်္ဂလားဒေ့ရှ်ငါးဖမ်း ရေယာဉ်များနှင့် ဆက်သွယ်၍ မေးမြန်းထိန်းသိမ်းသွားမည်ဟု ပြန်လည်ပြောကြားခဲ့ကြောင်း မြန်မာတပ်ဘက်က ထုတ်ပြန်ထားသည်။
အဆိုပါဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ငါးဖမ်းစက်လှေများအား မြန်မာ့တပ်မတော်(ရေ)မှ ခြောက်လှန့်ပစ်ခတ်ခဲ့သဖြင့် ငါးဖမ်းစက်လှေများအနက် FB Sania အမည်ရှိ စက်လှေမှာ အနည်းငယ် ထိခိုက်ပျက်စီးခဲ့ကာ ရေလုပ်သား ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ engnews24h.com ၊ Daily Sun.com နှင့် en. sahas24.com တို့၌ ဧပြီ ၈ ရက်နှင့် ၉ ရက်တို့တွင် ရေးသားဖော်ပြခဲ့ကြောင်း သိရသည်။
ထို့အပြင် ဒဏ်ရာရရှိသူများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေစောင့်တပ် ကင်းလှည့်ရေယာဉ်များက ပြန်လည် ခေါ်ဆောင်၍ Chattogram သို့ ပို့ဆောင်ပေးခဲ့ကြောင်းလည်း သိရသည်။
လက်ရှိဖြစ်ပွားနေသည့် COVID-19 ကပ်ရောဂါနှင့်ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ခိုးဝင်မှုများ၊ ပြန်လည်လက်ခံရေးစခန်းများမှာ ဝင်ရောက်လာမှုများမရှိစေရန် အစိုးရမှ ကြပ်မတ်ဆောင်ရွက်သင့်ကြောင်း ရခိုင်ဒေသခံများက ပြောဆိုနေကြသည်။
<><><>
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး







