အိန္ဒိယရောက် ချင်းဒုက္ခသည်များကို စားနပ်ရိက္ခာ ထောက်ပံ့

အိန္ဒိယရောက် ချင်းဒုက္ခသည်များကို စားနပ်ရိက္ခာ ထောက်ပံ့

အိန္ဒိယတစ်နိုင်ငံလုံး Lockdown ချထားခြင်းကြောင့် စားဝတ်နေရေးအခက်အခဲရင်ဆိုင်နေကြရသည့် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ ချင်းဒုက္ခသည်များကို ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က စားနပ်ရိက္ခာအချို့ ထောက်ပံ့ပေးနေကြောင်းသိရသည်။

ပထမသုတ်အနေဖြင့် အိမ်ခြေ (၅၀၀) ကို  ဆန်၊ ဆီ၊ ပဲ စသည်တို့ကို UNHCR တာဝန်ရှိသူများက ဧပြီလ ၂ ရက်နေ့ကစ ထောက်ပံ့ပေးခဲ့ပြီး အားလုံးကို ထောက်ပံ့ပေးနိုင်ရန် စာရင်းများ ကောက်ခံလျက်ရှိကြောင်း နယူးဒေလီမြို့မှ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) တာဝန်ခံ Salai Cung Dawt ကပြောသည်။

“အရင်က ကျနော်တို့ ချင်းဒုက္ခသည်ခေါင်းဆောင်တွေကို UN က စာရင်းကောက်ခိုင်းထားတာရှိတယ်။ ဒီရက်ပိုင်း အတွင်းမှာ တကယ်စားဝတ်နေရေးမှာ အခက်ရှိတဲ့စာရင်းကို ကောက်ခံကြတယ်။ စာရင်းပေးထားတဲ့အိမ်ခြေ ၅၀၀ နီးပါးရှိတယ်၊ အဲဒီ မိသားစု ၅၀၀ နီးပါးကို UN က ဧပြီလ ၂ ရက်နေ့ညနေပိုင်းကစပြီး ရိက္ခာတွေစပေးတယ်” ဟု ပြောသည်။

UNHCR အနေဖြင့် ချင်းဒုက္ခသည်များကို တစ်အိမ်လျှင် ဆန် ၁၅ ကေဂျီ၊ ကုလားပဲ ၁ ကေဂျီ၊ ဆီ ၂ ထုတ်နှုန်းထောက်ပံ့ပေးခြင်းဖြစ်သည်။

ချင်းဒုက္ခသည်များသည် တစ်နေရာ၊ တစ်ရပ်ကွက်တည်းတွင် နေထိုင်ကြသူများမဟုတ်သည့်အတွက် ရိက္ခာပေးဝေရာတွင် အချိန်ကြန့်ကြာမှုများရှိနေကြောင်းနှင့် ကနဦးစာရင်းတွင် မပါဝင်သေးသော မိသားစုများကိုလည်း ပြန်လည်ပြုစုပြီး UN ကို တင်ပြသွားမည်ဖြစ်ကြောင်း Salai Cung Dawt ကပြောသည်။

“စာရင်းပေးထားတဲ့ အိမ်ခြေ ၅၀၀ နီးပါးကို အရင်ကူညီပြီး နောက်မှ စာရင်းမပေးသေးတဲ့ မိသားစုတွေကိုလည်း  ပြန်လည်ပြုစုပြီး UN ကို တင်ပြသွားမှာဖြစ်တယ်” ဟု ၎င်းကဆက်ပြောသည်။  

ကမ္ဘာတစ်လွှားဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ် Covid-19 ရောဂါပြန့်ပွားမှုမှ တားဆီးကာကွယ်နိုင်ရန်အတွက် အိန္ဒိယတစ်နိုင်ငံလုံးကို မတ်လ ၂၄ ရက် ညကစပြီး ရက်ပေါင်း ၂၁ ရက်အထိ အိန္ဒိယအစိုးရက Lockdown ချမှတ်ထားခြင်းဖြစ်သည်။

UNHCR ၏ စာရင်းမှတ်တမ်းအရ နယူးဒေလီတွင် ချင်းဒုက္ခသည် စုစုပေါင်း ၃၀၀၀ ခန့်ရှိပြီး ယင်းအနက် ၂၉၀၀ ခန့်သည် ဒုက္ခသည် အသိအမှတ်ပြုကတ် ရရှိထားပြီးသူများဖြစ်ကြသည်။

May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...
May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...