ဆမီးမြို့ရောက် စစ်ဘေးရှောင်များအတွက် ရွက်ဖျင်တဲ ၁၀၀ ကျော် တည်ဆောက်နေ

ဆမီးမြို့ရောက် စစ်ဘေးရှောင်များအတွက် ရွက်ဖျင်တဲ ၁၀၀ ကျော် တည်ဆောက်နေ

လားနွန် – ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ဆမီးမြို့ပေါ်သို့ ရောက်ရှိနေကြသည့် စစ်ဘေးရှောင်ပြည်သူများအတွက် ယာယီ ရွက်ဖျင်တဲ အလုံး (၁၀၀) ကျော်ကို ချင်းပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် တည်ဆောက်ပေးလျက်ရှိသည်ဟု သိရသည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာပြီး တိမ်းရှောင်လာသော စစ်ဘေးရှောင်ပြည်သူများမှာ အစုလိုက် နေထိုင်ကြသည့်အတွက် ကမ္ဘာ့ကပ်ရောဂါ Covid-19 မှ ကာကွယ်နိုင်ရန် ရွက်ဖျင်တဲများ တည်ဆောက် နေရာချပေးမည် ဖြစ်သည်ဟု ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။

“ယာယီတဲအလုံး (၈၀) ဆောက်ပေးပြီး နောက်ထပ် အလုံး (၇၀) ကျန်သေးတယ်၊ စစ်ဘေးရှောင်ပြည်သူတွေက အစုအဖွဲ့နဲ့နေလို့ရှိရင် ကြာလာရင် အန္တရာယ်ရှိလာနိုင်တယ်။ ဒါကြောင့် ခုလို စီစဉ်ပေးတာ’’ ဟု ဝန်ကြီးဦးစိုးထက်ကပြောသည်။

ဆမီးမြို့ပေါ်တွင် စစ်ဘေးရှောင် ဦးရေ ၂၆၀၀ ကျော် ရှိကြောင်း သိရပြီး အမှတ် (၁) ရပ်ကွက် ဘုန်းကြီးကျောင်း၊ အမှတ် (၂) အ.လ.က လိပ်ကုန်းစာသင်ကျောင်း၊ အမှတ် (၃) ရပ်ကွက် ခန်းမဆောင်နှင့် ဘုရားကျောင်း၊ လူနေအိမ်များ စသည်တို့တွင် အဆင်ပြေသလို နေရာချထားဆဲ ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)၊ ချင်းပြည်နယ်အစိုးရအဖွဲ့ နှင့် စေတနာအလှူရှင်များ၏ ကူညီထောက်ပံ့မှု ကြောင့် စစ်ဘေးရှောင်ပြည်သူများစားသောက်ရန် တစ်လစာဖူလုံမှုရှိနေသော်လည်း အဝတ်အစား လိုအပ်မှုများရှိနေကြောင်း စစ်ဘေးရှောင်ပြည်သူများအား အနီးကပ် ကူညီမှုပေးနေသည့် ပြည်သူ့မျှော်လင့်ချက် လူမှုအဖွဲ့အစည်း (People Hope Organization)  ညွှန်ကြားရေးမှူး ဦးဇော်လီအောင်က ပြောသည်။

“ခုလောလောဆယ် စစ်ဘေးရှောင်တွေအတွက် တစ်လစာ စားဖို့အတွက်တော့လုံလောက်တယ်၊ WFP ကနေ ဆန်အိတ် ၁၀၀၀ ချပေးပါတယ်။ ဆီ၊ ဆား၊ ကုလားပဲချပေးပါတယ်၊ ချင်းပြည်နယ်အစိုးရမှ အလုံး ၁၅၀ ယာယီတဲ ချပေးပါတယ်။ ပြီးတော့ ပေ ၁၀၀ မိုးကာ သုံးလုံး လေးလုံးလောက် ချပေးထားပါတယ်၊ စားတာ အဆင်ပြေတယ်။ ဝတ်တာ အဆင်မပြေဘူး။ နေတာ အဆင်မပြေဘူး။ အခုလောလောဆယ် ဝေဠုကျော်ဖောင်ဒေးရှင်းကနေ အဝတ်အစား ၂၆၀၀ ကူညီတယ်၊  ကျနော်တို့ အခု ဖြန့်နေပါတယ်” ဟု ဦးဇော်လီအောင်က ပြောသည်။

ယခုလက်ရှိ ချင်းပြည်နယ် ပလက်ဝမြို့ပေါ်တွင် စစ်ဘေးရှောင်အိမ်ထောင်စု (၄၃၇)စု၊ လူဦးရေ (၁၉၈၆)၊ ဆမီးမြို့ပေါ်တွင် အိမ်ထောင်စု (၆၃၀)စု၊ လူဦးရေ (၂၆၁၂) စုစုပေါင်း ၄၅၉၈ ဦးရှိပြီး ရခိုင်ပြည်နယ် ၆ မြို့နယ်တွင် ချင်းစစ်ဘေးရှောင် လူဦးရေ ၆၁၈၅ ဦးရှိသည်ဟု Relief & Rehabilitation Committee for Chin IDPs ၏ စာရင်းအရ သိရသည်။

February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...