တိုက်ပွဲများရပ်ဆိုင်း ကပ်ရောဂါ ကာကွယ်ရေး ဦးစားပေးဖို့ သံရုံးများ တိုက်တွန်း

တိုက်ပွဲများရပ်ဆိုင်း ကပ်ရောဂါ ကာကွယ်ရေး ဦးစားပေးဖို့ သံရုံးများ တိုက်တွန်း

Salai C.Lian - အစိုးရ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များအနေဖြင့် တိုက်ပွဲများကို ရပ်ဆိုင်းပြီး ကမ္ဘာ့ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က လက်ရှိ  ကြေညာထားသည့် Covid – 19 ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဦးစားပေး ဆောင်ရွက်သင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာသံရုံးများက ဧပြီ ၁ ရက်တွင် သဘောထား စုပေါင်း ထုတ်ပြန်လိုက်သည်။

သြစတြေးလျ၊ ကနေဒါ၊ ချက်သမ္မတနိုင်ငံ၊ ဒိန်မတ်၊ ဥရောပသမဂ္ဂ၊ ဖင်လန်နိုင်ငံ၊ ပြင်သစ်၊ ဂျာမဏီ၊ နယ်သာလန်၊ နယူးဇီလန်၊ နော်ဝေ၊ ပိုလန်၊ စပိန်၊ ဆွီဒင်၊ ဆွစ်ဇလန်၊ တူရကီ၊ ဗြိတိန်နှင့် အမေရိကန်တို့မှ မြန်မာနိုင်ငံဆိုင်ရာ သံရုံးများက ပူးတွဲထုတ်ပြန်ခြင်းဖြစ်သည်။

တိုက်ပွဲများ ရပ်တန့်ရန်အပြင် ကိုဗစ် ၁၉ ကာကွယ်ရေး အင်တာနက်နှင့် သတင်းမီဒီယာများ အလွန် အရေးကြီးခြင်းကြောင့် ပိတ်ပင်မှုများကို ဖယ်ရှားရန်နှင့် ပဋိပက္ခများကို ဆွေးနွေးအဖြေရှာရန်တို့လည်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တို့တွင် တိုက်ပွဲများ အရှိန်မြင့်နေပြီး အရပ်သားများ နေရပ်စွန့်ခွာရခြင်း၊ အသက်ဆုံးရှုံးရခြင်းများကို သိရှိရကြောင်း၊ အခြားသောဒေသများတွင်လည်း ပဋိပက္ခအလားအလာများကို ကြားသိရသည့်အတွက် အမှန်ပင် စိုးရိမ်ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကမ္ဘာအရပ်ရပ်ရှိ လက်နက်ကိုင်အဖွဲ့အစည်းများ အပစ်အခတ်ရပ်စဲရန် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က မတ်လ ၂၃ ရက်ကတည်းက တိုက်တွန်းထားကြောင်း၊ Covid -19 ရောဂါပိုးနောက်ဆက်တွဲဆိုးကျိုးများကြောင့် ဒုက္ခရောက်နိုင်ခြေရှိသူများကို ဦးစားပေး ကာကွယ်စောင့်ရှောက်ရန် နိုင်ငံတကာကလည်း တိုက်တွန်းကြောင်း ဖော်ပြသည်။

စစ်ဘေးကြောင့် ဒုက္ခရောက်နေသည့် အမျိုးသမီးများ၊ ကလေးသူငယ်များ၊ မသန်စွမ်းများ၊ ဖယ်ကြဉ်ခံရသူများနှင့် နေရပ်စွန့်ခွာသူများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များကို နှောင့်နှေးစေပြီး အကူအညီများကိုလည်း အဟန့်အတား ဖြစ်စေခဲ့သည်ဟု ပါရှိသည်။

ကိုရိုနာဗိုင်းရပ်စ်သည် လူမျိုး၊ နိုင်ငံ၊ ကိုးကွယ်ယုံကြည်မှုနှင့် အခြေအနေ၊ အဆင့်အတန်းမရွေးထံ ကူးစက်နိုင်ပြီး သံရုံးများအနေဖြင့် အဆိုပါကူးစက်ရောဂါ၏ အကျိုးဆက်များ ကြုံတွေ့ရသလို မြန်မာနိုင်ငံကိုလည်း ကူညီမှုများ ဆက်လက်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...
April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...
April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...