စစ်ရှောင်စခန်းများကို ငဲ့ကာ အပစ်အခတ် ရပ်တန့်ရန် လိုကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ ပြော

စစ်ရှောင်စခန်းများကို ငဲ့ကာ အပစ်အခတ် ရပ်တန့်ရန် လိုကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ ပြော

Salai Benezar - ပြည်တွင်းစစ်ကြောင့် စစ်ရှောင်စခန်းများတွင် အစုလိုက်အပြုံလိုက် နေထိုင်ကြရသဖြင့် Covid-19 ရောဂါအန္တရာယ်ကို စိုးရိမ်နေရရာ အပစ်အခတ် အမြန်ဆုံး ရပ်တန့်ပေးရန် လိုအပ်ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO) မှ Human Right Documentation Director Pu Terah ကပြောသည်။

“ကမ္ဘာက ကပ်ရောဂါအဖြစ်သတ်မှတ်ထားတဲ့ Codvid-19 ဖြစ်နေတယ်၊ တိုက်ပွဲတွေကြောင့် နောက်ဆက်တွဲပြဿနာဖြစ်နေတဲ့ စစ်ဘေးရှောင်တွေအတွက် အင်မတန်မှ စိုးရိမ်စရာရှိတယ်၊ မြန်မာနိုင်ငံမှာတောင်မှ ပွဲလမ်းသဘင်တို့၊ ကျောင်းတို့ ၊ဘုရားကျောင်းတို့ ပိတ်ပင်တဲ့အချိန်မှာ စစ်ဘေးရှောင်တွေက အစုလိုက်အပြုံလိုက် နေတယ်ဆိုတာ တကယ့်ကို အန္တရာယ်ကြီးတဲ့ အနေအထားဖြစ်နေတယ်။ ဒါကြောင့် ဖြစ်နိုင်လို့ရှိရင် အခုချိန်မှာ တိုက်ပွဲတွေ၊ စစ်ပွဲတွေ ချက်ခြင်း ရပ်ပေးလို့ရှိရင် အခုလိုမျိုး အစုလိုက်အပြုံလိုက် နေရတဲ့ဖြစ်စဉ်ကို ဖြေရှင်းနိုင်မှာ ဖြစ်သလို Covid-19 ကြိုတင်ကာကွယ်မှုကိုလည်း ဖြေရှင်းနိုင်မယ်လို့ ကျွန်တော် ပြောချင်တယ်”ဟု Pu Terah ကပြောသည်။

ကမ္ဘာအရပ်ရပ်မှ လက်နက်ကိုင်အဖွဲ့အစည်းများ အားလုံး အပစ်အခတ် ရပ်စဲကြရန် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က မတ်လ(၂၃)ရက်တွင် ကြေငြာချက်ထုတ်ပြန်တိုက်တွန်းခဲ့သလို လက်နက်ကိုင်အဖွဲ့အစည်းများ အပစ်အခတ်ရပ်စဲပြီး Covid-19 ရောဂါ ကာကွယ်မှု ဉီးစားပေး ဆောင်ရွက်ရန် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်များကလည်း  ဧပြီလ ၁ရက်တွင် ထုတ်ပြန်ထားသည်။

ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက်က “အခုက လူစုလူဝေးနဲ့ ထောင်ချီ ရှိနေတော့ ကမ္ဘာ့ကပ်ရောဂါလို့ အခေါ်ခံရတဲ့ အဲဒီရောဂါ တကယ်လို့ ဖြစ်လာခဲ့ရင် မှန်းဆလို့တောင် မရတဲ့ အသက်အန္တရာယ်တွေ ဖြစ်လာမှာပေါ့"ဟု ဆလိုင်းမျိုးထိုက်က မှတ်ချက်ပြုသည်။

လက်ရှိအချိန်တွင် အကောင်းဆုံး ရင်ဆိုင်ဖြေရှင်းနိုင်မည့်  ပုံစံအတွက် ကြိုးပမ်းနေကြောင်း ၎င်းက ဆက်လက်ပြောသည်။

"ကျွန်တော်တို့ ဆမီးမှာက လူဉီးရေက ၄ဝဝဝတောင် မပြည့်ဘူး၊ အခု ဒုက္ခသည်ဉီးရေက သုံးထောင်နီးပါး ရှိတယ်ဆိုတော့ ဆမီးမြို့လူဦးရေ နီးပါးရှိတယ်၊ လူအုပ်ကြီးက စုပြုံနေတော့ ကျနော်တို့က ဘာကို ဘယ်လို လုပ်ရမလဲ ဆိုတာတောင်မှ အချိန် မရတော့သလို ဖြစ်နေတယ်”ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရသည့် ဦးရေ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်များတွင် တစ်နေ့ပြီးတစ်နေ့ တိုးလာနေသကဲ့သို့ အဆိုပါရောဂါကြောင့် အသက်သေဆုံးမှုလည်း ရှိလာပြီဖြစ်သည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့အပါအဝင် အရပ်ဘက်အဖွဲ့အစည်းများက အစိုးရနှင့် တပ်မတော်ကို အပစ်အခတ်ရပ်စဲရေး ကြေညာရန် တောင်းဆိုနေကြသော်လည်း ထိုသို့ပြုလုပ်ရန်  မလိုအပ်ကြောင်း တပ်မတော်က ဧပြီ ၁ ရက်တွင် တုံ့ပြန်ခဲ့သည်။

လက်ရှိတွင် ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာ့တပ်မတော်ပစ်ခတ်နေမှုများကြောင့် ပလက်ဝမြို့နယ်ရှိ ပြည်သူ ထောင်ချီ စစ်ဘေးရှောင်နေရပြီး လမ်းကြောင်းများ ပိတ်နေသဖြင့် စားနပ်ရိက္ခာ မလုံလောက်မှု အခက်အခဲများလည်း ရှိနေကြောင်း သိရသည်။

 

Most read this week

August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...
August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...