အင်တာနက် ဖြတ်တောက်ခံ ဒေသများ ကိုရိုနာဗိုင်းရပ်စ်သတိပေးချက် ရရန် ခက်ခဲနေ

အင်တာနက် ဖြတ်တောက်ခံ ဒေသများ ကိုရိုနာဗိုင်းရပ်စ်သတိပေးချက် ရရန် ခက်ခဲနေ

ဝင်းညွန့် — အင်တာနက် ဖြတ်တောက်ခံထားရသည့် ဒေသများရှိ ပြည်သူများ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အစိုးရ ထုတ်ပြန်ချက်များကို အချိန်နှင့်တပြေးညီ သိရှိနိုင်ရေး အင်တာနက်လိုင်းများ ဖွင့်လှစ်ပေးရန် ရခိုင်အမျိုးသားပါတီ(ANP) က မတ်လ ၂၅ ရက်တွင် မေတ္တာရပ်ခံလိုက်သည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အပါအဝင် ရခိုင်ပြည်နယ်က မြို့နယ်အချို့တွင် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရခြင်းကြောင့် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ပညာပေးချက်၊ သတိပေးချက်များကို အချိန်နှင့်တပြေးညီ သိနိုင်ရန် အလွန်ခက်ခဲသည်ဟုလည်း ANP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဝါးတောင်စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးထွန်းလှကျော်က "ကျွန်တော်တို့ ဒီရောဂါကို ကြားတော့ ကြားတယ်။ တော်တော်စိုးရိမ်ဖို့ကောင်းတယ်လို့ ပြောသံကြားပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ဒီရောဂါရဲ့ဖြစ်ရပ်ကို အတိအကျမသိရဘူး။ စခန်းက လူတွေကလည်း ဒီရောဂါကို စိုးရိမ်နေကြတယ်။ ဘယ်လိုကာကွယ်ရမယ်ဆိုတာတော့ မသိဘူး။ အင်တာနက် ပိတ်ထားတာက ကျွန်တော်တို့ စစ်ဘေးရှောင်တွေကို သတင်းအမှောင်ချထားသလို ဖြစ်နေတယ်”ဟု ၎င်းကပြောသည်။

စစ်ဘေးရှောင်စခန်းများတွင် နေရာထိုင်ခင်းနှင့် အစားအသောက်များရရှိရန် အလွန်ခက်ခဲနေခြင်းကြောင့် ရောဂါကူးစက်ဖြစ်ပွားမှု မြန်ဆန်နိုင်သည်ဟုလည်း ANP က သတိပေးထားသည်။ ခိုကိုးရာမဲ့ဖြစ်နေသော စစ်ဘေးရှောင်များအတွက် နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို လူသားချင်းစာနာသောအားဖြင့် အမြန်ဆုံး ကူညီဆောင်ရွက်ပေးကြရန်လည်း အစိုးရ၊ ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများကို ANP ကမေတ္တာရပ်ခံထားသည်။

စစ်၏အနိဌာရုံကို ခါးသီးစွာခံစားနေကြရသည့် ရခိုင်ပြည်သူများအပေါ် မျှော်လင့်မထားသော ကိုရိုနာဗိုင်းရပ်စ် အခြေအနေတစ်ရပ်ရပ် ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူများအရေးကို ရှေးရှုပြီး လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများကို ယာယီရပ်ဆိုင်းပြီး နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာကြရန် ရခိုင်အမျိုးသားပါတီ(ANP)က တောင်းဆိုထားသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုရှိနေသည့် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြေပုံ၊ မြောက်ဦး၊ မင်းပြားနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို ၂၀၁၉ ခုနှစ် ဇွန်လ (၂၁)ရက်နေ့တွင် အစိုးရက ကြိုတင်အသိမပေးဘဲ အင်တာနက်ဖြတ်တောက်ခဲ့သည်။

ထို့နောက် စက်တင်ဘာလ (၁)ရက်နေ့တွင် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မြေပုံနှင့် ပလက်ဝ မြို့နယ်တို့ကို အင်တာနက်ပြန်ဖွင့်ပေးခဲ့သော်လည်း ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၃)ရက်နေ့တွင် ယင်းမြို့နယ်များကို ထပ်မံဖြတ်တောက်ခဲ့သည်။

April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...