တီးတိန်ဆေးရုံမှ Covid-19 လူနာ ကျန်းမာရေး ကောင်းမွန်

တီးတိန်ဆေးရုံမှ Covid-19 လူနာ ကျန်းမာရေး ကောင်းမွန်

လားနွန် – Covid-19 ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် တီးတိန်မြို့ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေသည့် လူနာသည် ယခုအခါဖျားနာမှုမရှိတော့ဘဲ ကျန်းမာရေးအခြေအနေကောင်းမွန်လျက်ရှိကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။

“လူနာကကျန်းမာပါတယ်။ လောလောဆယ်တော့ သူ Stable (တည်ငြိမ်၊ ခိုင်ခံ့၊ မဖောက်ပြန်) လည်းဖြစ်ပါတယ်၊ အပူချိန်လည်းတက်တာမရှိဘူး၊ တီးတိန်ပြည်သူ့ဆေးရုံ ဝန်ထမ်းနေထိုင်မယ့်နေအိမ်၊ ကွာတာအိမ်အသစ်မှာ သီးသန့်ထားတယ်” ဟု စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

အမေရိကန်နိုင်ငံတွင် Green Card ဖြင့်နေထိုင်သည့် အဆိုပါချင်းအမျိုးသားသည် မင်္ဂလာဆောင်ရန် မတ်လ (၁၃) ရက်နေ့က မြန်မာနိုင်ငံသို့ပြန်လာခဲ့ပြီး ကလေးမြို့တွင်လည်း (၂) ရက်တည်းခိုနေထိုင်ခဲ့သည်ဟု သိရသည်။

ထို့နောက် တီးတိန်မြို့နယ်၊ ကပ်တဲလ်ကျေးရွာတွင် ဧည့်ခံပွဲများကျင်းပပြုလုပ်ပြီးနောက် ကိုယ်အပူချိန်မြင့်တက်ဖျားနာသဖြင့် မတ်လ (၂၁) ရက်နေ့တွင် တီးတိန်ပြည်သူ့ဆေးရုံသို့ စောင့်ကြည့်လူနာအဖြစ် ကုသမှုခံယူခဲ့သည်။

အဆိုပါလူနာထံမှ ဓာတ်ခွဲနမူနာကို မတ်လ (၂၂) ရက်နေ့တွင် ရယူခဲ့ပြီး အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ပေးပို့ခဲ့ရာ မတ်လ (၂၃) ရက်နေ့က စစ်ဆေးခဲ့သည့် ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။

သူနှင့်အတူ ရန်ကုန်မြို့မှ ကလေးမြို့သို့ လေယာဉ်အတူစီးလာသည့် ပုဂ္ဂိုလ်များ၊ ကလေးမြို့တွင် သူတည်းခိုနေထိုင်ခဲ့သည့်နေအိမ်မှ မိသားစုဝင်များ၊ မင်္ဂလာဆောင်ရန်အတွက် ဓာတ်ပုံရိုက်ခဲ့သည့် ဓာတ်ပုံတိုက်မှ မိသားစုများကို (၁၄) ရက်ကြာ Home Quarantine (နေအိမ်တွင်ရောဂါခြေချုပ်ခြင်း) ဆောင်ရွက်ထားပြီဟုသိရသည်။

အဆိုပါလူနာသွားရောက်နေထိုင်ခဲ့သည့် တီးတိန်မြို့နယ်၊ ကပ်တဲလ်ကျေးရွာကိုလည်း Lockdown ချထားလိုက်သလို မိမိနေအိမ်များတွင် နေထိုင်ကြရန် ပညာပေးမှုများလည်း လုပ်ဆောင်နေသည်ဟု ဝန်ကြီးဦးစိုးထက်ကပြောသည်။

ကပ်တဲလ်ကျေးရွာသည် တီးတိန်မြို့မှ (၁၁) မိုင်ခန့်ကွာဝေးပြီး အိမ်ခြေ (၇၀၀) ခန့်ရှိကာ လူဦးရေ (၃၀၀၀) နီးပါးခန့်ရှိသည်ဟု သိရသည်။

ကပ်တဲလ်ကျေးရွာဒေသခံအချို့မှာ ရောဂါကူးစက်သည်ဆိုသည့်ကိစ္စကို အယုံအကြည်မရှိခြင်းကြောင့် အပြင်ထွက်သွားလာမှုများရှိနေသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ပူးဒိုဇတွောင်ကပြောသည်။

“အိမ်ထဲမှာနေတဲ့လူတော့ရှိတယ်၊ မနေတဲ့လူလည်းရှိတယ်၊ တစ်ချို့ကစိုးရိမ်လို့ အပြင်မထွက်တဲ့သူလည်းရှိတယ်၊ ဒါပေမယ့် ရွာအပြင်ကိုတော့မထွက်ဘူး၊ ကျနော်တို့အုပ်ချုပ်ရေးမှူး၊ ရဲနဲ့ပူးပေါင်းပြီးတော့ (၃) နေရာမှာ အတားအဆီးတွေလုပ်တယ်” ဟု အုပ်ချုပ်ရေးမှူး ပူးဒိုခတွောင်ကပြောသည်။

လူနာနှင့် ထိတွေ့ဆက်ဆံခဲ့သည့် ကျေးရွာရှိဒေသခံများကို မတ်လ (၁၅) ရက်နေ့ မနက် (၇) နာရီကစပြီး အုပ်ချုပ်ရေးမှူးအဖွဲ့များ၊ ကျန်းမာရေးကော်မတီနှင့် ကျေးလက်ကျန်းမာရေးအဖွဲ့တို့မှ အိမ်တိုင်ရာရောက် စာရင်းကောက်ယူကာ (၁၄) ရက်အတွင်း အပြင်မထွက်ကြရန်နှင့် ထူးခြားဖြစ်စဉ် ဖျားနာခြင်းများရှိလျှင် အချိန်မီလာရောက်တိုင်ကြားရန် သေချာမှာထားကြောင်း အုပ်ချူပ်ရေးမှူးကပြောသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးဆက်မှုဖြစ်ပွားလာပါက မြို့နယ်များ အသွားအလာပိတ်ခြင်းများရှိလာနိုင်ပြီး ပြည်သူများအတွက် စားနိပ်ရိက္ခာအခက်အခဲမရှိစေရန် ချင်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းအတွက် ဆန်အိတ် (၂၀၀၀) ကို မြို့နယ်အချို့တွင် စုဆောင်းပြင်ဆင်နေကြောင်း ပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

ချင်းပြည်နယ်တွင် Covid-19 ရောဂါပိုးရှိသည့် လူနာတွေ့ရှိသည့်နောက်ပိုင်းစ၍ ချင်းပြည်နယ်တဝှမ်း ဘုရားကျောင်း၊ ဘာသာရေးပွဲတော်၊ ပွဲလမ်းသဘင်များ ကျင်းပပြုလုပ်ခွင့်ကို ချင်းပြည်နယ်အစိုးရအဖွဲ့က ပိတ်ပင်လိုက်ပြီဖြစ်သည်။

February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...