ကချင်ပြည်နယ် တရုတ် နယ်စပ်ဂိတ်များကို ပြည်ထောင်စု ညွှန်ကြားချက်ရမှသာ ပိတ်သိမ်းမည်ဖြစ်ကြောင်း ကချင်ပြည်နယ် လူဝင်မူကြီးကြပ်ရေးနှင့်လူ့စွမ်းအားဝန်ကြီး ဦးဇော်ဝင်းက ထပ်မံပြောဆိုသည်။
ကန်ပိုင်တီ နယ်စပ်ဂိတ်ကို ပိတ်မည်ဟု သတင်းများ ထွက်ပေါ်စဉ် ဝန်ကြီးက ယခုလို ပြန်လည်ဖြေရှင်းခဲ့ခြင်းဖြစ်သည်။
ကန်ပိုင်တီနှင့် လွယ်ဂျယ်နယ်စပ်ဂိတ်များကို ပြည်ထောင်စု ညွှန်ကြားချက်မရသဖြင့် လက်ရှိအချိန်ထိ မပိတ်သေးကြောင်း သိရသည်။
“ခု လက်ရှိအနေထားအရ Positive ၂ ယောက် တွေ့တယ် ဆိုတာလည်း ကံပိုက်တီတို့ လွယ်ဂျယ်တို့ကနေ ဝင်လာတဲ့လူတွေ မဟုတ်ဘူး။ USက ပြန်လာတဲ့သူ၊ UKက ပြန်လာတဲ့သူတွေ ဖြစ်တာ။ အဲဒီတော့ တရုတ်ပြည်ကတောင် စိုးရိမ်လို့ ကျနော်တို့ မြန်မာပြည်ကတောင် ကျန်းမာရေးစောင့်ရှောက်မှု အားနည်းတဲ့နိုင်ငံဖြစ်တဲ့အတွက် USကပြန်လာတဲ့သူ UKကပြန်လာတဲ့သူက သူတို့နိုင်ငံထဲကိုပြန်ဝင်လာမှာစိုးရိမ်တဲ့တွက် မနေ့ကစကြေးနန်းတစ်ခုတက်လာတယ်။ ထိန်ချုံးဘက်ကို ဝင်မယ့်မြန်မာနိုင်ငံသားဖြစ်ဖြစ် တရုတ်နိုင်ငံသားဖြစ်ဖြစ် ၁၄ရက်စောင့်ကြည့်ဖို့ရယ် နောက်တစ်ခုက ကားအဝင်အထွက်ကိုပိတ်လိုက်တာဖြစ်တယ်” ဟု လူဝင်မူကြီးကြပ်ရေးဝန်ကြီး ဦးဇော်ဝင်းက ပြောသည်။
သို့သော်လည်း မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးရှိသူ ၂ဦးရှိနေပြီဟု ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက မတ်လ ၂၃ရက် ညတွင် ထုတ်ပြန်လိုက်ပြီးနောက် တရုတ်အစိုးရက ၎င်းတို့ထံ ဝင်လာမည့်သူများကို ၁၄ ရက် စောင့်ကြည့်ရန်နှင့် ကားများကို ပိတ်ရန် ညွှန်ကြားထားကြောင်း သိရသည်။
လက်ရှိ ပိုးတွေ့ရှိသူ ၂ ဦးမှာ နိုင်ငံခြားမှ ပြန်လာသူများဖြစ်သောကြောင့် ကချင်ပြည်နယ်တွင်လည်း အသစ် ရောက်ရှိလာသူများကို စောင့်ကြည့်ရန် ရပ်/ကျေး စောင့်ကြည့်ရေးကော်မတီဖြစ်မြောက်ရေး စီစဉ်နေကြောင်း ဝန်ကြီးက ပြောသည်။
ရပ်ကျေးစောင့်ကြည့်ရေးအဖွဲ့သော်လည်းကောင်း၊ နိုင်ငံတကာမှ ပြန်လာသည့်သူများအနေဖြင့်သော်လည်းကောင်း သတင်းပို့ရန် ပျက်ကွက်ပါက သက်ဆိုင်ရာဌာနက ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
တရုတ် တစ်သျှူးငှက်ပျောကားများ ကန်ပိုင်တီ နယ်စပ်ဂိတ်မှ ဝင်ထွက်ခွင့် ပိတ်ပေးရန် ကချင်ပြည်နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးက နိုင်ငံတော်သမ္မတရုံးသို့ မတ် ၁၃ ရက်နေ့တွင် တောင်းဆိုထားကြောင်းသိရသည်။
“လောလောဆယ်တော့ သမ္မတရုံးကတော့ ဒီနေ့မှာ အစည်းအဝေး လုပ်နေတယ်။ ဒါပေမဲ့ ဒီနေ့ကစပြီး စပိတ်ကြတော့လို့ မြို့အုပ်ချုပ်ရေးမှူးနဲ့ အဲဒီမှာ စောင့်ကြည့်နေတဲ့ ဆရာဝန်တွေကို ပြောလိုက်ပြီ။ ဘယ်လိုပဲပြောပြော ပိတ်ဖို့အတွက် စာ မဝင်သေးပေမယ့် လောလောဆယ် ပိတ်ထားလိုက်တော့လို့ ပြောလိုက်တယ်။ စောင့်ကြည့်ရေး ၁၄ရက် လုပ်မယ် ဆိုပြီးတော့ ပြောတယ်။ ဒါပေမဲ့ စောင့်ကြည့်ရေး လုပ်ဖို့အတွက် လူအင်အားရှိပေမဲ့လို့ နေဖို့အတွက် အခက်အခဲဖြစ်တယ်။ အဲဒါကြောင့်မို့ ပိတ်ထားတော့လို့ ပြောလိုက်ပြီ” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇေခေါင်က ပြောသည်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ကချင်ပြည်နယ်ရှိ နယ်စပ်ဂိတ်များမှ လူဝင်လူထွက်နှင့် တစ်သျှူးငှက်ပျောတင်ကားများ နေ့စဉ် ပုံမှန် ဖြတ်သန်းနေဆဲ ဖြစ်သည်။







