မင်းထွန်း — တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တိုက်ပွဲများကြောင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ဒေသခံ (၃၆၀၀) ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးထက်က DMG သို့ ပြောသည်။
လက်ရှိတွင် ဆမီးမြို့သို့ ဒေသခံ (၂၄၀၀)ကျော် ထွက်ပြေးသွားပြီး ပလက်ဝမြို့ပေါ်သို့ (၁၁၀၀) ရောက်ရှိလာသည်။ ပလက်ဝမြို့ပေါ်ရောက် စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ရန် နယ်မြေဒေသ လုံခြုံမှုမရှိခြင်းကြောင့် အခက်အခဲများဖြစ်ပေါ်နေသည်ဟု ဦးစိုးထက်က ပြောသည်။
“အခက်အခဲဆိုတာ နယ်မြေ မလုံခြုံတဲ့အတွက် ကျနော်တို့ တာဝန်ရှိတဲ့ လူကြီးတွေ အရောက် မသွားနိုင်ဘူး။ ဒါပေမဲ့ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ ပြည်နယ်ကလည်း တချို့ဝန်ထမ်းတွေကိုတော့ စေလွှတ်ရတယ်။ တာဝန်ရှိတဲ့လူကြီးတွေကိုတော့ သွားဖို့၊ လုံခြုံရေးအရ သွားလို့ ဘယ်လိုမှမရတဲ့ အနေအထား ဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။
ပလက်ဝမြို့မှ ဒေသခံများသည် ဆန်နှင့် စားနပ်ရိက္ခာများကို ရခိုင်ပြည်နယ် ကျောက်တော်မြို့မှ အဓိက ဝယ်ယူစားသုံးနေကြပြီး လက်ရှိတွင် တိုက်ပွဲကြောင့် ကုန်းလမ်း၊ ရေလမ်းခရီးများ ပိတ်ဆို့နေခြင်းကြောင့် ဆန်အပါအဝင် စားနပ်ရိက္ခာများ အခက်အခဲ ဖြစ်ပေါ်လျက်ရှိကြသည်။
ဆမီးမြို့ရောက် စစ်ဘေးရှောင် (၂၄၀၀)ကျော်မှာ စားနပ်ရိက္ခာအခက်အခဲ မရှိသော်လည်း ချက်ပြုတ်စားသောက်ရန် ထင်းများ လိုအပ်နေသည်ဟု စစ်ဘေးရှောင်အရေး ဆောင်ရွက်နေသည့် ဦးဘမောင်က ပြောသည်။
“ထင်းက အခု ခုတ်၊ အခု သုံးလို့ မရဘူး။ အဲဒါကြောင့် ထင်းက ရွာတွေမှာ အလှူ လိုက်ခံတယ်။ အခုက မိုင်နှစ်ဆယ်လောက် ဝေးတဲ့ ရွာတွေကို ကားနဲ့ သွားပြီးတော့ အလှူလိုက်ခံတယ်။ ရွာအနီးအနားတွေမှာလည်း ထင်းတွေက ကုန်ပြီ။ သူတို့ကိုယ်တိုင် ခုတ်ဖို့လည်း ဓားတွေကအစ မရှိဘူး။ အဲဒါကြောင့် အခက်အခဲ ဖြစ်နေတာ” ဟု ၎င်းက ဆိုသည်။
ပလက်ဝမြို့နယ် ဝက်မ၊ ပြိုင်တင်၊ မိတ်စာဝ၊ ငါးမျက်တောင်၊ ပြိုင်းတောင်နှင့် ဆားဝ ကျေးရွာသားများ ပြီးခဲ့သည့် မတ်လ ၁၆ ရက်နေ့က စတင်ပြီး ဆမီးမြို့ကို ထွက်ပြေးတိမ်းရှောင်လာကြခြင်း ဖြစ်ကြောင်း သိရသည်။
ပလက်ဝမြို့နယ် မီးဝဗျူဟာကုန်းဝန်းကျင်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်နေ့က စတင်ပြီး ရက်ပေါင်း (၄၀)ကျော်အကြာ တပ်မတော် နှင့် ရက္ခိုင့်တပ်တော်(AA) တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။







