Salai Khup Khup - ပလက်ဝမြို့နယ် ကျေးရွာများမှ ဆမီးမြို့ဖက်သို့ စစ်ဘေးရှောင်လာသူ ၂၄၀၀ ဦးမှာ ငှက်ပျောဖူးနှင့် အခြားစားစရာများ ရောနှောစားသောက်နေကြရခြင်းကြောင့် အစာအာဟာရ ပြတ်လပ်နေကြောင်း ဆမီးမြို့သို့ ရောက်ရှိနေသည့် လူမှုရေးအဖွဲ့အစည်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
“ဒီမှာ လိုအပ်နေတာက အိမ်သာလည်း မရှိဘူး။ စုပေါင်း သုံးနေရတယ်။ ရေလည်း အခက်အခဲ တော်တော်ရှိတဲ့ အနေအထား ဖြစ်တယ်။ အစားအသောက်တွေကလည်း ငှက်ပျောဖူးတွေကို တခြားဟာတွေနဲ့ ရောပြီးတော့ စားနေရတဲ့အတွက် ကလေးတွေဖြစ်ဖြစ်၊ လူကြီးတွေဖြစ်ဖြစ် အာဟာရ ချို့တဲ့နေတဲ့ အနေအထားမှာ ရှိတယ်”ဟု သူက ပြောသည်။
ဆမီးမြို့ရောက် စစ်ဘေးရှောင်ဦးရေမှာ ၂၄၀၀ မျှသာ မကဘဲ ဆမီးမြို့ရှိ ဆွေမျိုးများနေအိမ်နှင့် မိတ်ဆွေအိမ်များတွင် ခိုလှုံနေကြသူများ စာရင်းမပါသေးကြောင်း၊ ခန့်မှန်းခြေအားဖြင့် ဦးရေ နှစ်ထောင်ကျော် ဝန်းကျင် ရှိနိုင်ကြောင်း ဆမီးမြို့ရောက် လူမှုအဖွဲ့အစည်းတစ်ရပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပလက်ဝမြို့နယ်၊ ပြည်နယ်လွှတ်တော်အမတ် ဦးပြေမင်းက “အဓိက ခက်ခဲတာကတော့ မြို့ဖြစ်တာက သိပ်မကြာသေးတဲ့အခါကျတော့ အဆောက်အဦးပိုင်းဆိုင်ရာမှာ သူတို့ရဲ့ လူအင်အားနဲ့ အဆောင်တွေ၊ ဘာတွေ ထားတဲ့အခါမှာ အခက််အခဲတွေ ကြုံတွေ့ရပါတယ်၊ လက်တလော ပြဿနာကတော့ စားဖို့သောက်ဖို့အတွက်နဲ့ ချက်ပြုတ်တဲ့ အချိန်မှာ အခက်အခဲ ကြုံရပါတယ်၊ အခုက လူနှစ်ထောင်ကျော်ဆိုတော့ ဆမီးမြို့အနေနဲ့ အရမ်းများတဲ့ ပမာဏဖြစ်တယ်၊ လူများတဲ့အတွက် ကျန်းမာရေးပိုင်းမှာ ဝမ်းလျှောဝမ်းပျက် တွေ ဖြစ်လာတဲ့အခါကျရင် ဆေးဝါးတွေ လိုအပ်လာမယ်၊ အဓိကကတော့ စားဖို့နဲ့ ဆေးဝါး လိုအပ်နေတယ်”ဟု ပြောသည်။
ဆမီးမြို့သို့ ပြောင်းရွှေ့လာသည့် ဦးလိုင်ပက “အခု ပြောင်းလာတဲ့ထဲမှာ ကမန်းကတန်းနဲ့ ထွက်ပြေးလာတဲ့ ကျေးရွာက ငါးရွာ ရှိတယ်၊ လူဦးရေက တစ်ထောင်ကျော် ရှိပါတယ်၊ ကျွန်တော်တို့ မိတာဝ ၂ ကျေးရွာကတော့ လူဦးရေက ၃၁ဝဦးဖြစ်တယ်။ အိမ်ခြေကတော့ ၇၀ ရှိပါတယ်”ဟု ပြောသည်။
စစ်ဘေးရှောင်နှစ်ထောင်ကျော်အတွက် ဆန်အိတ် တစ်ထောင်ကို လူမှုအဖွဲ့အစည်းများက ထပ်မံပို့မည်ဟု သိရသော်လည်း ပို့မည့်နေ့ရက် မသိရသေးကြောင်း၊ လက်ရှိအချိန်တွင် ဒေသခံ လူငယ်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ ပူးပေါင်း တာဝန်ယူဆောင်ရွက်နေကြောင်းနှင့် စစ်ဘေးရှောင်ဦးရေ များလွန်းသဖြင့် စီမံခန့်ခွဲမှုပိုင်းတွင် အားနည်းနေကြောင်း လူမှုအဖွဲ့အစည်း တာဝန်ရှိသူများက ပြောသည်။







