မျိုးသီရိကျော် — ရွာအနီး တောင်တန်းများတွင် လက်နက်ကြီး၊ လက်နက်ငယ်သံများ ထွက်ပေါ်သဖြင့် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်အနောက်ရွာမှ ဒေသခံ (၁၀၀)ကျော်မှာ မတ်လ ၂၀ ရက်နေ့က အမ်းမြို့ပေါ်သို့ ထွက်ပြေး တိမ်းရှောင်လာရသည်ဟု ဒေသခံများထံက သိရသည်။
ထိုသို့ ပစ်ခတ်မှုများကြောင့် ကျေးရွာတွင်းသို့ ကျည်ဆံများကျရောက်မည်ကို စိုးရိမ်၍ ထွက်ပြေးကြခြင်းဖြစ် သည်။ ထို့ပြင် တောင်တန်းများတွင် ပစ်ခတ်သံများထွက်ပေါ်နေမှုကြောင့် လုပ်ကိုင်စားသောက်ရန် အဆင်မပြေသဖြင့် အမ်းမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်သွားကြခြင်းဟု ဒါးလက်ဒေသခံ မခင်သန္တာဇော်က ပြောသည်။
“ချင်းလူမျိုးတွေ အများစုကတော့ တောင်ယာလုပ်ငန်းတွေ အများအားဖြင့် လုပ်ကိုင်စားသောက်ကြတာလေ။ အခုပြောင်းသွားတဲ့သူတွေမှာ တောင်လည်းမတက်ရတော့ဘူး။ လုပ်စရာလည်းမရှိတော့ဘူး။ လုပ်စားစရာလယ်တွေလည်း မရှိတာကြောင့် အများကအမ်းမြို့ကို ပြောင်းသွားတာပါ။ ညီမတို့ လယ်သမားတွေမှာဆိုရင် ငွေတွေ နည်းနည်းရှိရင် စားစရာတွေဝယ်လို့ရသေးတယ်။ သူတို့ကျတော့ တောင်မတက်ရရင် ငွေမရဘူးလေ”ဟု ၎င်းကဆိုသည်။
လက်ရှိတွင် ထွက်ပြေးတိမ်းရှောင်လာသူများမှာ နီးစပ်ရာဆွေမျိုးနေအိမ်များတွင် ခိုလှုံနေကြသည်ဟု စစ် ဘေးရှောင်များကို ကူညီနေသည့် အမ်းဒေသခံ ကိုမျိုးလွင်က ပြောသည်။
ယင်းကျေးရွာအနီးတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားမှုရှိသည်ဟု ဒေသခံ များထံက သိရသည်။
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA တို့တိုက်ပွဲကြောင့် စစ်ဘေးရှောင် တစ်သိန်းနှစ်သောင်းကျော်အထိရှိလာ ကာ စားဝတ်နေရေး အခက်အခဲနှင့် ရင်ဆိုင်နေရသည်။







