ကျောက်တော်တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားနှစ်ဦး ဒဏ်ရာရ

ကျောက်တော်တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားနှစ်ဦး ဒဏ်ရာရ

နှင်းနွယ် — ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဂစ္ဆပနဒီတံတား အနီးတစ်ဝိုက်တွင်  မတ်လ (၂၀) ရက် နံနက်ပိုင်းက လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား(၂)ဦး ဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံက သိရသည်။

ဒဏ်ရာရရှိခဲ့သူများမှာ ကျောက်တော်မြို့နယ်၊ ပိုက်သည်ရပ်ကွက်တွင်နေထိုင်သူ ဦးချစ်စိန် (၅၃)နှစ်နှင့် ဝက်မှိုင်းကျေးရွာနေ ဦးကျော်စံ (၆၀)နှစ်ခန့်တို့ ဖြစ်သည်။ ၎င်းတို့နှစ်ဦးမှာ ဂစ္ဆပနဒီတံတားနှင့် တစ်မိုင်ခန့်ဝေးကွာသည့် ပိန္နဲချောင်းဖက်ရှိ လခြမ်းမြီဆန်စက်အတွင်း အလုပ်လုပ်နေချိန်၌ ဒဏ်ရာရရှိသွားခြင်းဖြစ်ကြောင်း ကျောက်တော်ပရဟိတအသင်း အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးညီပုက DMG သို့ပြောသည်။

“သူတို့နှစ်ယောက်က လခြမ်းမြီဆိုတဲ့ ဆန်စက်မှာ အလုပ်လုပ်ပြီး နေကြတာ။ သူတို့ထဲက တစ်ယောက်က ညစောင့်လုပ်နေတာ။ နောက်တစ်ယောက်ကတော့ စက်ဆရာပေါ့။ လက်နက်ကြီးက ဆန်စက်ကိုကျပြီးတော့ သူတို့တွေကို ထိသွားတာ။ နောက်ထပ်ဆန်စက်ထဲမှာ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ထားတဲ့ နေရာတွေ၊ လက်နက်ကြီးကျထားတဲ့ နေရာတွေလည်း အများကြီးပဲ”ဟု ၎င်းကပြောသည်။

ယခုကဲ့သို့ လက်နက်ကြီးပေါက်ကွဲမှုကြောင့် ဦးချစ်စိန်ဆိုသူမှာ ခြေထောက်တွင် ဒဏ်ရာရရှိသွားပြီး ဦးကျော်စံမှာ ကျောကုန်းတွင် ဒဏ်ရာရရှိသွားသည်။ ဦးချစ်စိန်တွင် ဒဏ်ရာပြင်းထန်သောကြောင့် စစ်တွေဆေးရုံသို့ ပို့ဆောင်လိုက်ရသည်ဟု ဦးညီပုက ပြောသည်။

ယခုကဲ့သို့ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲသည့်အတွက် အရပ်သားထိခိုက်ဒဏ်ရာရရှိခြင်းမှာ မှန်ကန်ပြီး ၎င်းအနီးအနားတွင် တိုက်ပွဲဖြစ်ပွားခြင်း ရှိ၊မရှိကို အတည်မပြုနိုင်သေးကြောင်း ကျောက်တော်မြို့နယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက DMG သို့ပြောသည်။

“လက်နက်ကြီး ကျရောက်ပေါက်ကွဲတဲ့အတွက် အရပ်သားတွေ ဒဏ်ရာရရှိသွားတာတော့ ဟုတ်တယ်။ လက်နက်ကြီးကျလို့ ဂစ္ဆပနဒီတံတားလည်း နည်းနည်းပျက်စီးသွားတယ်လို့ ကြားတယ်။ အဲဒီအနီး အနားတစ်ဝိုက်မှာ ဒီနေ့မနက် တိုက်ပွဲဖြစ်ပွားတာတွေ ရှိ၊မရှိကိုတော့ အတည်ပြုပေးဖို့တော့ ခက်တယ်”ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲကာလအတွင်း ပစ်ခတ်ခံရမှု၊ ကျည်ဆံထိမှန် မှု၊မိုင်းပေါက်ကွဲမှုတို့ကြောင်းအရပ်သား (၁၃၀)ကျော်သေဆုံးကာ ဒဏ်ရာရရှိသူ (၃၆၀)ကျော်ရှိသည်ဟု ရက္ခိုင် ကျောင်းသားများသမဂ္ဂ(တက္ကသိုလ်များ-ရန်ကုန်)ထံက သိရသည်။

April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...