မိုင်းရှင်းလင်းရေး လုပ်ဆောင်ပေးရန် နမ်ဆန်ယန်ဒေသခံများ တောင်းဆို

မိုင်းရှင်းလင်းရေး လုပ်ဆောင်ပေးရန် နမ်ဆန်ယန်ဒေသခံများ တောင်းဆို
နမ်ဆန်ယန်ကျေးရွာအဝင်
နမ်ဆန်ယန်ကျေးရွာအဝင်

ပထမဆုံး စစ်ရှောင် နေရပ်ပြန်များ နမ်ဆန်ယန်ကျေးရွာတွင် လွတ်လပ်စွာ လုပ်ကိုင်စားသောက်နိုင်ရန် အစိုးရတပ်နှင့် KIA စသော နှစ်ဖက်တပ်များ ညှိ့နှိုင်းဆွေးနွေးမှုပြုလုပ်ကာ မိုင်းရှင်းလင်းရေး အမြန် လုပ်ဆောင်စေလိုကြောင်း ဒေသခံများ တောင်းဆိုနေကြသည်။

အစိုးရ၏ တစ်ဖက်သတ်အစီအစဉ်ဖြင့် နမ့်ဆန်ယန်ကျေးရွာတွင် ၁နှစ်ကျော် ပြန်လည် အခြေချနေထိုင်ခဲ့သော ဒေသခံတစ်ဦးက တောင်ယာလုပ်ငန်းဖြင့် ရပ်တည်နိုင်ရန် မိုင်းရှင်းလင်းစေလိုကြောင်း ပြောသည်။

“ဖြစ်နိုင်ရင်တော့ စစ်တပ် ၂ဖက် အမြန် ညှိနှိုင်းပြီး မိုင်းရှင်းစေချင်တယ်။ သွားရလာရတဲ့ အပိုင်းမှာ တော်တော် အခက်အခဲရှိနေတယ်။ ပြီးရင် တောင်ယာလုပ်ငန်းတွေ လုပ်ကိုင်မယ်ဆိုရင်လည်း ကန့်သတ်နယ်မြေတွေ ဖြစ်နေတယ်။ ကိုယ်က ကချင်လူမျိုး ဖြစ်နေတဲ့အတွက် တောင်ယာအခင်းတွေပဲ လုပ်ကိုင်စားသောက်ချင်တယ်။ အခု တောင်ယာ ခုတ်မယ့် နေရာဘက်မှာက မိုင်းတွေက ရှိနေတယ်”ဟု ဒေသခံ ဒေါ်နန်တောင်က ပြောသည်။

 ‘ကချင်ပြည်နယ်အတွင်း မိုင်းရှင်းလင်းရေး လုပ်ဆောင်ရန်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA အနေဖြင့် အပစ်ရပ်စဲရေး NCA လက်မှတ်ရေးထိုးပြီးမှသာ နှစ်ဖက်ညှိနှိုင်းလုပ်ဆောင်ရမည်ဖြစ်သည်’ ဟု ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး နေလင်းထွန်း လွန်ခဲ့သည့်ဖေဖော်ဝါရီလ လွှတ်တော်အစည်းအဝေးတွင် ဖြေကြားခဲ့ဖူးသည်။

သို့သော်လည်း စားဝတ်နေရေးအခြေအနေအရ NCA လက်မှတ် အပေါ်အခြေမခံဘဲ ဒေသခံများ၏ တောင်းဆိုမှုကို ဦးစားပေးသင့်ကြောင်း နမ်ဆန်ယန်တွင်ပြန်လည်အခြေချနေထိုင်သူ ဆရာမ ခေါန်ရာက ယခုလိုပြောဆိုသည်။

“ကျမတို့ ဆန္ဒအရပြောရမယ်ဆိုရင် NCA လက်မှတ်ထိုးဖို့ဆိုတာ အကြာကြီး စောင့်ရအုံးမယ်ထင်တာဘဲ။ အခုက စားဝတ်နေရေးအတွက် အင်မတန်မှ ခက်ခဲနေတယ်။ အဲဒါကြောင့် NCA လက်မှတ် မထိုးသေးရင်လည်း မိုင်းရှင်းလင်းရေးကို လုပ်ပေးစေချင်တယ်။ ဒါကြောင့် လက်ရှိအခြေအနေအရဆိုရင် ၂ဖက်တပ် ဆွေးနွေးပြီး မိုင်းရှင်းလင်းရေး လုပ်ပေးဖို့တောင်းဆိုချင်တယ်”ဟု ပြောသည်။

လွန်ခဲ့သော ဖေဖော်ဝါရီလ ၁၄ရက်နေ့ နမ့်ဆန်ယန်ကျေးရွာသားတစ်ဦး ရွာအနီးငါးဖမ်းရှာထွက်ရာ မြေမြှုပ်မိုင်းနင်းမိသဖြင့် ခြေထောက်တစ်ဖက် ဖြတ်လိုက်ရသည့် အခြေအနေအထိ ဖြစ်ခဲ့ရကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် စစ်ရှောင်များ ပြန်လည်နေရာချထားရေးနှင့် နေရပ်ပြန်ပို့ရေးအစီအစဉ် အစိုးရတွင် ရှိသော်လည်း မိုင်းရှင်းလင်းရေးနှင့်ပတ်သက်ပြီး တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အနေဖြင့် မည်သည့်အချိန်မှ ဆွေးနွေးမည်ကို မသိရသေးသည့်အခြေအနေတွင် နမ်ဆန်ယန် ဒေသခံများကို ဦးစားပေး မိုင်းရှင်းလင်းပေးစေလိုကြောင်း နမ်ဆန်ယန် နေရပ်ပြန်နိုင်ရေးကို ဦးဆောင်ပေးခဲ့သူ ဦးဖော်လားဂမ်ဖန်က ပြောဆိုသည်။

နမ့်ဆန်ယန်ကျေးရွာတွင် စစ်ရှောင် အိမ်ထောင်စု ၉၈စုနှင့် လူဦးရေ ၅၀၀ကျော် နေရပ်ပြန်အခြေချနေသည်မှာ ၁၄လခန့် ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဦးဆောင်ပြီး ကျေးရွာ ၁၀ ရွာမှ အိမ်ထောင်စု ၅၀၀ ခန့်ကို နေရပ်ပြန်ပို့ရန် ပြန်လည် စီစဉ်နေပြီဟု သိရသည်။

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...