ပလက်ဝမြို့နယ် စစ်ပွဲများ လက်လွတ်စပယ် ဖြစ်နေကြောင်း ချင်း အရပ်ဘက် အဖွဲ့အစည်း ၄၃ဖွဲ့ ထုတ်ပြန်

ပလက်ဝမြို့နယ် စစ်ပွဲများ လက်လွတ်စပယ် ဖြစ်နေကြောင်း ချင်း အရပ်ဘက် အဖွဲ့အစည်း ၄၃ဖွဲ့ ထုတ်ပြန်

Salai Khup Khup - ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့ စစ်ပွဲမှာ လက်လွတ်စပယ် ဖြစ်နေပြီး ဒေသခံ အရပ်သားများ ထိခိုက် သေဆုံးနေရသည်နှင့်ပတ်သက်၍ ချင်း အရပ်ဖက် လူမှု အဖွဲ့အစည်း ၄၃ ဖွဲ့က သဘောထားထုတ်ပြန်လိုက်သည်။

ချင်းလူ့အခွင့်အရေးအဖွဲ့မှ မိုင်သင်းယုမွန်က “ထုတ်ပြန်ချက် ထုတ်တဲ့ အဖွဲ့အစည်းတွေထဲမှာ နိုင်ငံတကာ ချင်းအဖွဲ့အစည်းတွေလည်း ပါဝင်တယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ပက်သက်ပြီး လှုပ်ရှားနေတဲ့ အဖွဲ့တွေလည်းပါဝင်တယ်။ မြန်မာ့တပ်မတော် လေကြောင်းနဲ့ ရွာထဲမှာ AAတွေ ရှိတယ် ဆိုပြီးတော့ ပစ်တယ်။ ဒါပေမဲ့ တကယ်ထိခိုက် သွားတဲ့လူတွေက အရပ်သားပြည်သူဖြစ်တယ်။ သေဆုံးတာ ၂၁ဦး သေဆုံးတယ်။ ထိခိုက်ဒဏ်ရာရတဲ့ သူတွေထဲမှာ အမျိုးသမီးတွေ အများကြီး ပါဝင်နေတဲ့အပြင် သုံးနှစ်ထိ ငယ်တဲ့ ကလေးတွေလည်း ပါဝင်နေတယ်။ အရမ်း ဆိုးဝါးတဲ့ ရာဇာဝတ်မှုလို့ ပြောချင်တယ်။ သတိလက်လွတ် လုပ်တာမျိုး မဟုတ်ဘဲနဲ့ လက်လွတ်စပယ် လုပ်တဲ့ ပုံစံမျိုး ဖြစ်တယ်”ဟု ပြောသည်။

မြန်မာ့တပ်မတော်ဘက်က လက်လွတ်စပယ် စစ်တိုက်နေသည့်အပြင် AA အဖွဲ့ဘက်ကလည်း အနီးအနားရွာများတွင် ဆန် တောင်းခြင်း၊ သတင်းများ ပေါက်ကြားစေက ဖမ်းဆီးခေါ်ဆောင်ခြင်း စသည်ဖြင့် ရွာသားများကို ခြိမ်းခြောက်နေကြသည်များ အမြန်ဆုံး အပြီးသတ်စေချင်ကြောင်း မိုင်သင်းယုမွန်က ပြောသည်။

ချင်းအရပ်ဘက် လူမှုအဖွဲ့အစည်း ၄၃ဖွဲ့၏ ထုတ်ပြန်ချက်တွင် ပလက်ဝမြို့နယ်ဒေသခံပြည်သူများ စားနပ်ရိက္ခာပြတ်လပ်မှု မရှိစေရေး၊ အသက်အန္တရာယ် လုံခြုံရေး၊ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာသည့် ဒေသခံအရပ်သားများအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် ဆက်သွယ်ရေး တယ်လီဖုန်းလိုင်းများ ဖြတ်တောက်ခြင်း လုံးဝ မပြုလုပ်ရန် အလေးအနက် တောင်းဆိုခဲ့ကြသည်။

မြန်မာ့တပ်မတော် လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် ဒေသခံအရပ်သား ၂၁ ဦးသေဆုံးမှုနှင့် ပတ်သက်ပြီး ချင်းဒီမိုကရေစီအဖွဲ့ချုပ်မှလည်း သဘောထား ထုတ်ပြန််ခဲ့သည်။

ကျေးရွာအချို့မှာ နေအိမ် မီးလောင်ပျက်စီးမှုများ ကြုံတွေ့နေရ၍ ဒေသခံ ချင်းတိုင်းရင်းသား ၁၅၀၀ ကျော် နေရပ်စွန့်ခွာကာ ဆမီးမြို့သို့ ရောက်ရှိနေကြောင်း သိရသည်။

Most read this week

August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...
August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...