ဟားခါးတွင် ကျောင်းလာတက်သူများ ကျောင်းပိတ်ရက် အိမ်ပြန်နိုင်မည် မဟုတ်

ဟားခါးတွင် ကျောင်းလာတက်သူများ ကျောင်းပိတ်ရက် အိမ်ပြန်နိုင်မည် မဟုတ်

Shing Mang - ချင်းပြည်နယ် ဟားခါးမြို့သို့ ပလက်ဝမြို့နယ်မှ ကျောင်းလာတက်သည့် ကျောင်းသား ကျောင်းသူများ မိမိဒေသတွင် စစ်ပွဲအခြေအနေကြောင့် အခက်အခဲရှိနေသဖြင့် နေရပ်ပြန်ရန် အစီအစဉ် မရှိသေးကြောင်း ကျောင်းသူကျောင်းသားများထံမှ သိရသည်။

ဟားခါး အစိုးရစက်မှုလက်မှုသိပ္ပံ တက်ရောက်နေသူ အိုက်စံလင်းအောင်က “ကျွန်တော်ကတော့ မပြန်တာ ကြာပြီ ၊ ကျောင်း လာတက်ခါစကတော့ ပြန်ဖြစ်တယ်။ အဲဒီနောက်ပိုင်း မပြန်ဖြစ်တော့ဘူး။ အခု တတိိယနှစ်ထိပေါ့၊ လမ််းပန်းဆက်သွယ်ရေးကလည်း အဆင်မပြေတော့ အိမ်ကလည်း စိတ်မချတော့ မပြန်ခိုင်းတာပါ၊ ကိုယ့်ရဲ့ အသိ၊ အမျိုးတွေ အိမ်မှာ နေလိုက်ဦး ဆိုပြီး မပြန်ခိုင်းဘူး။ ဒီမှာကျောင်းတက်ရတာလည်း အခက်ခဲအများကြီးရှိတယ်” ဟုပြောသည်။

ဟားခါးတွင် ပညာသင်ကြားနေသူများ ကျောင်းပိတ်ရက်အတွင်း ရွာမပြန်ဘဲ အချို့မှာ ဆွေမျိုး၊ အသိအိမ်များတွင်လည်းကောင်း၊ အချို့မှာ ဘာသာရေးဘက်မှ စီစဉ်ပေးသော နေအိမ်များတွင်လည်းကောင်း နေထိုင်ကြကြောင်း သိရသည်။

အိုက်စံလင်းအောင်က“ကျွန်တော်က ဖလမ်းမှာ အမျိုးတွေ ရှိလို့ သူတို့ဆီမှာ ကျောင်းပိတ်ရက်အတွင်း သွားနေတယ်၊ မနှစ်တုန်းကတော့ ဟားခါးမှာ ခဏနေတယ်။ အလုပ်ကြမ်းတွေဖြစ်ဖြစ် လုပ်ကြတာတွေလည်း ရှိတယ်၊ ကိုယ် တတ်နိုင်တဲ့ဘက်ကနေ ဝင်ငွေ ရှာဖြစ်ကြတယ်။ မိန်းကလေးတွေကတော့ မပြန်နိုင်ရင်လည်း အလုပ်ကြမ်းလုပ်ဖို့လည်း သိပ်အဆင်ပြေကြတော့ အိမ်က တတ်နိုင်သလောက် ပို့တဲ့ဟာနဲ့ပဲ နေကြတယ်"ဟု ပြောသည်။

ချင်း ခရစ်ယာန်တက္ကသိုလ်တွင် တက်ရောက်နေသည့် ဆလိုင်းအောင်လင်းက “အခု စစ်ဖြစ်နေတဲ့ ရွာဖက်က ကျွန်တော်တို့ နေတဲ့ရွာတွေနဲ့ အရမ်း နီးနေတယ်။ အစတုန်းက ရွာပြန်ဖို့ သူငယ်ချင်းတွေနဲ့  စီစဉ်ဖြစ်သေးတယ်။ ဒါပေမယ့် ခု အခြေအနေအရ မပြန်ဖြစ်တော့ဘူး၊ လောလောဆယ်က ကျောင်းပိတ်ရက်မှ အပ ၃ရက်လောက်က ကျောင်းမှာ နေရတယ်၊ ပြီးရင်တော့ ဆရာတွေ စီစဉ်ပေးတဲ့ နေအိမ်တွေမှာ ပြန်နေရမှာ ဖြစ်ပါတယ်၊ မိမိရဲ့အိမ် မဟုတ်တဲ့အတွက် အဆင်မပြေဘူးပေါ့နော် ၊သူတို့ချပေးတဲ့ အိမ်က ဘယ်လောက်ပဲကောင်းကောင်း အားနာရတာတွေရှိတဲ့အတွက် နေထိုင်တာကတော့ အဆင်မပြေတာလေးတွေတော့ ရှိတာပေါ့နော်” ဟုပြောသည်။

ဟားခါးမြို့ရှိ ဟားခါးတက္ကသိုလ်၊ချင်းခရစ်ယာန်တက္ကသိုလ်၊စက်မှုလက်မှုသိပ္ပံ၊ ပညာရေးဒီဂရီကောလိပ် စသည့် ကျောင်းများတွင် ပလက်ဝမှ တက်ရောက်လာသူ ဦးရေ ၅၀ ကျော်ရှိသည်။

လက်ရှိ ပလက်ဝတွင် တိုက်ပွဲပြင်းထန်လျက်ရှိပြီး မတ်လ ၁၄ ရက်က လေကြောင်းတိုက်ခတ်မှုကြောင့် ဝက်မအုပ်စု ဝက်မကျေးရွာမှ ရှစ်ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိကာ ပြိုင်တင်ရွာတွင် ကလေး တစ်ဦး သေဆုံးကြောင်း သိရသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...