ဝင်းညွန့် — ရခိုင်ပြည်နယ်၊ ကျောက်တော်၊ ရသေ့တောင်၊ မာန်အောင်၊ ကျောက်ဖြူ၊ မင်းပြားမြို့များတွင် မြန်မာနိုင်ငံ ရှေးဦးသူနာပြုစုနည်းသင်တန်းများကို ပို့ချပေးသွားရန်စီစဉ်နေကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်း စစ်တွေရုံးခွဲမှ တာဝန်ရှိသူများထံက သိရသည်။
အဆိုပါ မြို့များတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြီးဆုံးပါက သင်တန်းဖွင့်လှစ်ပေးသွားရန် စီစဉ်ထားကြောင်းနှင့် လက်ရှိတွင် စစ်တွေမြို့လမ်းမတော်ရပ်ကွက်တွင်လည်း မတ်လ ၁၄ ရက်မှ ၁၅ ရက်နေ့အထိ သင်တန်းဖွင့်လှစ်လျှက်ရှိကြောင်း စစ်တွေမြို့နယ်ရုံးခွဲမှ တပ်ဖွဲ့မှူး ကိုကျော်နိုင်ဦးက ပြောသည်။
“ကျနော်တို့ ဒီသင်တန်းကိုဖွင့်ရတာက ရှေးဦးသူနာပြုဘာသာရပ်ကို လူတိုင်းလိုလို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားနိုင်အောင်အတွက် ပြုလုပ်ရခြင်းဖြစ်တယ်။ ဒီသင်တန်းမှာတော့ ကျောင်းသားတွေရော၊ ဌာနဆိုင်ရာလူတွေအကုန်လုံးပါတယ်။ လူတိုင်းကို ရှေးဦးသူနာပြုနည်း ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်စေလိုတဲ့အတွက်ကြောင့် ပြုလုပ်တာပါ”ဟု ၎င်းကဆိုသည်။
လက်ရှိ စစ်တွေမြို့တွင်ပြုလုပ်နေသော သင်တန်းတွင် စစ်တွေမြို့ပေါ်မှ သင်တန်းသား ၃၀ ဦး တက်ရောက်နေကြပြီး ရွှေရောင်မေတ္တာဖောင်ဒေးရှင်း လူမူကူညီရေးအသင်းဝင်များလည်း တက်ရောက်နေကြကြောင်း ကိုကျော်နိုင်ဦးက ဆက်လက်ပြောသည်။
ထိုသို့ သင်တန်းများ ဖွင့်လှစ်ပေးခြင်းကြောင့် တိုက်ပွဲဖြစ်ပွားနေသည့် ဒေသများတွင် ရှေးဦးသူနာပြုလုပ်ငန်းများကို ထိထိရောက်ရောက် လုပ်ဆောင်ပေးနိုင်ရန် မျှော်လင့်မိသည်ဟု စစ်ဘေးရှောင်အရေးကူညီနေသူ ကိုအမ်းသားကြီးက ပြောသည်။
“ အဓိကတော့ မြန်မာ့ကြက်ခြေနီအသင်းက သင်တန်းဖွင့်တယ်ဆိုကတည်းက ကျနော်တို့က လက်ခံတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ရခိုင်ပြည်နယ်မှာ ဒုက္ခရောက်နေတဲ့ပြည်သူတွေရှိတယ်။ ကျည်ထိမှန်တဲ့သူတွေရှိတယ်။ ဒီလိုအခြေနေမျိုးတွေမှာ ကူညီထောက်ပံ့တဲ့အဖွဲ့အစည်းက သင်တန်းတွေပြုလုပ်ပြီးတော့ လုပ်နေတယ်ဆိုတော့ ကျနော်တို့ ကြိုဆိုပါတယ်”ဟု ၎င်းကဆိုသည်။
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေစဉ်ကာလများတွင် ကျေးရွာတွင်းပိတ်မိနေသူများ၊ ဒဏ်ရာရရှိသူများကိုလည်း မြန်မာနိုင်ငံကြက်ခြေနီအသင်းက ကူညီပေးလျက်ရှိသည်ဟု ယင်းအသင်းမှ သိရသည်။







