ရခိုင်တွင် ပစ်ခတ်မှုများ ဖြစ်ပေါ်နေသဖြင့် စာမေးပွဲဖြေနေသည့် ကျောင်းသားများအနှောင့်အယှက်ဖြစ်

ရခိုင်တွင် ပစ်ခတ်မှုများ ဖြစ်ပေါ်နေသဖြင့် စာမေးပွဲဖြေနေသည့် ကျောင်းသားများအနှောင့်အယှက်ဖြစ်

နှင်းနွယ် — တက္ကသိုလ်ဝင်တန်း စာမေးပွဲကာလတွင် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်နှင့် ကျောက်တော်မြို့နယ်တို့တွင် လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်မှုများရှိနေသဖြင့် ကျောင်းသား၊ကျောင်းသူများ စိုးရိမ်ထိတ်လန့်မှုများ ရှိနေသည်ဟု ကျောင်းသားများနှင့် မိဘများက DMG သို့ပြောသည်။

မတ်လ ၁၃ ရက်နေ့၊ နံနက် ၅ နာရီခန့်က မြောက်ဦးမြို့နယ် တိန်ညိုကျေးရွာ၊ ပေါင်းတုတ်မွတ်ဆလင်ကျေးရွာနှင့် ကျောက်တော်မြို့နယ်၊ သိန်းတန်ကျေးရွာအနီးတို့တွင် ပစ်ခတ်မှု ဖြစ်ပေါ်ခဲ့သည်။ ထို့ပြင် နေ့လယ် ၁ နာရီ ခန့်ကလည်း သာစည်ကျေးရွာသို့လည်း ကျည်ဆံများ ကျရောက်မှုရှိခဲ့သဖြင့် အရပ်သားများ သေဆုံး၊ဒဏ်ရာရရှိမှုများ ရှိသည်။

စာမေးပွဲဖြေဆိုနေသည့်ကာလတွင် လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ကြားနေရသည့်အတွက် စာဖတ်ရာတွင်လည်း အဆင်မပြေသည့်အပြင် စာမေးပွဲဖြေဆိုရာတွင်လည်း စိတ်အေးလက်အေးဖြင့် ဖြေဆိုခွင့်မရကြောင်း မြောက်ဦးမြို့ပေါ်၌ စာမေးပွဲဖြေဆိုနေသည့် ကျောင်းသူ မဖြူဝိုင်းနွယ် ကပြောသည်။

“စာဖတ်နေတဲ့အချိန် ပစ်ခတ်သံတွေကြားရတော့ စာကိုစိတ်မရောက်ဘူး။ လက်နက်တွေက ခေါင်းပေါ်က ပျံသွားသလိုပဲ။ စာမေးပွဲဖြေနေချိန်မှာတောင် ပစ်ခတ်သံတွေ ဘယ်အချိန်ထွက်လာမလဲ ဆိုပြီးတော့ ကြောက်လန့်နေရတယ်။ ကိုယ်နေတဲ့နေရာတွေမှာ လုံခြုံမှုမရှိသလို ခံစားရတယ်။ အမြဲတမ်း ကြောက်လန့်စိတ်နဲ့ နေရတယ်” ဟု ၎င်းကဆိုသည်။

ထို့အပြင် ကျောက်တော်မြို့နယ်တွင်လည်း ယခုကဲ့သို့ ပစ်ခတ်မှုများ ရှိနေသဖြင့် စာမေးပွဲဖြေဆိုနေသည့် ကျောင်းသူ၊ကျောင်းသားများသာမက ကျောင်းသားမိဘများမှာလည်း စိုးရိမ်ကြောင့်ကြနေကြရကြောင်း ကျောင်းသားဖခင် ဦးအောင်ကျော်ဇောက ပြောသည်။

“ကျောင်းသားမိဘတွေ အကုန်လုံးက စိုးရိမ်နေရတယ်။ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေက မှားပြီးတော့ ငါတို့သားသမီးတွေဆီ ကျလာမလားဆိုတဲ့ အကြောက်တရားအပြည့်နဲ့ စာဖြေခန်းအရှေ့မှာ ဝိုင်းပြီးတော့ ကြည့်နေကြရတယ်” ဟု၎င်းကဆိုသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲသည် ကျောင်းသား၊ကျောင်းသူများ၏ အနာဂတ်ကို ပြောင်းလဲစေနိုင်သည်အထိ အရေးပါသဖြင့် စာမေးပွဲကာလတွင် တိုက်ပွဲများရပ်တန့်ထားရန် ကျောင်းသား၊ကျောင်းသူများနှင့် မိဘများက တောင်းဆိုကြသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေမှုကြောင့် စာစစ်ဌာနတစ်ချို့ကို လုံံခြုံစိတ်ချရသည့် စာစစ်ဌာနများသို့ ပြောင်းရွှေ့စစ်ဆေးခဲ့သည်။ ထို့ကြောင့် တစ်ချို့ကျောင်းသား၊ကျောင်းသူများမှာ ငွေကြေးအဆင်မပြေ၍ စာမေးပွဲ မဖြေဆိုမှုများလည်းရှိသည်။

ရခိုင်ပြည်နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ကျောင်းသား၊ကျောင်းသူ စုစုပေါင်း (၄၉၁၈၃)ဦးလျှောက် ထားခဲ့ရာ မြန်မာစာဘာသာရပ်ဖြေဆိုသည့်နေ့တွင် (၄၀၂၂)ဦးပျက်ကွက်ခဲ့ပြီး အင်္ဂလိပ်စာဘာသာရပ်ဖြေဆို သည့်နေ့တွင် ကျောင်းသား၊ကျောင်းသူ (၁၁၀)ဦးထပ်မံ ပျက်ကွက်ခဲ့ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ ထုတ်ပြန် ချက် အရသိရသည်။

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်နေ့မှ မတ်လ ၂၀ ရက်နေ့အထိ စစ်ဆေးနေခြင်း ဖြစ်သည်။

<><><>

စစ်တွေမြို့ပေါ်တွင် စာမေးပွဲဖြေဆိုနေကြသည့် ကျောင်းသား/ကျောင်းသူများကို တွေ့ရစဉ်။

May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...