ဝင်းညွန့် — ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အောင်သာယာကျေးရွာကို မတ်လ ၁၀ ရက် ညနေ (၄) နာရီကျော်က လက်နက်ကြီးကျည် ကျရောက်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးကာ (၇) ဦး ဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။
သေဆုံးသွားသူမှာ အောင်သာယာကျေးရွာမှ မနိုင်နိုင်သန်း(၂၀နှစ်)ဖြစ်ပြီး ဒဏ်ရာရရှိ သူများမှာ မရီရီသန်း(၁၇ နှစ်)၊ မုန့်သန်းပြင် ကျေးရွာမှ စစ်ဘေးရှောင်လာသူ ကိုမင်းအောင်( ၃၀ နှစ်) ၊ မနုချိုအေး(၂၆ နှစ်)၊ မောင်ကောင်းမြတ်ကျော်၊ ပြိုင်းတိုင်ကျေးရွာမှ မောင်မိုးကောင်း(၁၄ နှစ်)၊ သန်းနွယ်စိုး(၇ နှစ်)၊ မဆန်းဆန်းစိုး(၂ နှစ်) တို့ဖြစ်သည်။
“ မနေ့က ၄ နာရီကျော်လောက်မှာ ကျွန်တော်တို့ရွာအနောက်ဘက် ကုလားတန်မြစ်နားမှာ တိုက်ပွဲဖြစ်တယ်။ သူတို့က အိမ်ထဲမှာ ထမင်းစားနေကြတယ်။ အဲဒီမှာ လက်နက်ကြီးကျလို့ ဒဏ်ရာရသွားတာ။ နိုင်နိုင်သန်းကတော့ ပွဲချင်းပြီးဆုံးသွားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ ကျေးရွာအနီးတွင် တပ်မတော်နှင့် ရက္ခိုင်တပ်တော်(AA) တို့ မတ်လ ၁၀ ရက်က တိုက်ပွဲဖြစ်ပွားမူရှိခဲ့ပြီး အဆိုပါ လက်နက်ကြီးပစ်ခတ်မှုမှာ မည်သည့်ဘက်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ဖြစ်ကြောင်းကို မသိရှိဟု ဒေသခံများက ဆိုသည်။
လူဦးရေ (၃၀၀)ခန့် နေထိုင်သည့် အဆိုပါ ကျေးရွာကို လက်နက်ကြီးကျည် ကျရောက်သောကြောင့် အနီးအနားရှိ ကျော်ရွီပြင်၊ လင်းကွေ့၊ မီးဝ စသည့်ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်သွားရသည်ဟု ဒေသခံ ဦးကျော်လှိုင်က ပြောသည်။
“လက်နက်ကြီးတွေ ဆက်တိုက်ပစ်နေတော့ ရွာသားတွေက မနေဝံ့ကြတော့ဘူး။ အဲဒီတော့ အနီးအနားက ကျေးရွာတွေကို ထွက်ပြေးနေကြတယ်။ ရွာထဲမှာ တစ်ယောက်မှ မကျန်တော့ဘူး ”ဟု လင်းကွေ့ကျေးရွာသို့ ထွက်ပြေးနေသည့် ဦးကျော်လှိုင်က ပြောသည်။
အဆိုပါ ဒဏ်ရာရရှိသူများကို မီးဝကျေးရွာဆေးခန်းမှတစ်ဆင့် ကျောက်တော်ဆေးရုံသို့ ယနေ့ နံနက်တွင် ပို့ဆောင်လိုက်သည်ဟု ဒေသခံများထံက သိရသည်။
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့တိုက်ပွဲဖြစ်ပွားမှုကြောင့် အရပ်သားသေဆုံး သူ(၁၃၀)ကျော်နှင့် ထိခိုက်ဒဏ်ရာရရှိသူ (၃၆၀)ကျော်ထိရှိလာနေကြောင်း ရက္ခိုင်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များ - ရန်ကုန်) မှသိရသည်။







