ကျည်ထိမှန်မှုကြောင့် ကျောက်တော်က အမျိုးသမီးတစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရ

ကျည်ထိမှန်မှုကြောင့် ကျောက်တော်က အမျိုးသမီးတစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရ

ခိုင်ရိုးလ — ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ လောင်းရှည်ကျေးရွာသို့ မတ်လ ၁၀ ရက်၊ နံနက် ၇ နာရီကျော်ခန့်က လက်နက်ငယ်ကျည်ဆံများ အဆက်မပြတ် ကျရောက်သောကြောင့် အမျိုးသမီးတစ်ဦး သေဆုံးကာ အမျိုးသားတစ်ဦး ဒဏ်ရာရရှိသွားသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မြကျော်က DMG သို့ပြောသည်။



အသက် (၄၀)ကျော်အရွယ် ဒေါ်သန်းစိန်မှာ မိမိနေအိမ်အတွင်းတွင် မိသားစုနှင့်အတူ စကားပြောနေစဉ် ရင်ဘတ်ကို ကျည်ဆံထိမှန်သွားသဖြင့် သေဆုံးသွားခြင်းဖြစ်သည်။ ထို့ပြင် အသက် (၃၄)နှစ်အရွယ် ဦးမောင် တုတ်ချေမှာလည်း ကျေးရွာတွင်းသွားလာနေစဉ် ခြေထောက်တွင် ဒဏ်ရာရရှိသွားခြင်းဖြစ်သည်ဟု ဦးအောင် မြကျော်က ဆိုသည်။



သေဆုံးသွားသည့် အမျိုးသမီးမှာ ကလေးငယ်တစ်ဦးအပါအဝင် သားသမီးလေးဦးနှင့် ကျန်းမာရေးမကောင်းသည့် လင်ယောကျ်ားတစ်ဦးရှိပြီး မိသားစုကို တောင်ယာလုပ်ကိုင်ကာ ကျွေးမွေးနေသူဖြစ်သည်ဟု ဒေသခံများထံက သိရသည်။



“သူတို့ဘဝတွေကိုကြည့်ပြီး ရင်ထဲမှာမချိအောင် ခံစားရတယ်။ သူ့ယောကျ်ားကလည်း ကျန်းမာရေးမကောင်း ဘူး။ ပြီးတော့ ရွာသားတွေလည်း သူ့(ဒေါ်သန်းစိန်)လိုပဲ အများကြီး ကြုံလာနိုင်ပါတယ်။ ဒါကြောင့် စိုးရိမ်နေရ တယ် ” ဟု အုပ်ချုပ်ရေးမှူးက ပြောသည်။



လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးက ရွာတစ်ဖက်ကမ်းရှိ ငန်းတောင်တွင်တပ်စွဲနေသည့် တပ်မတော်က ပစ်ခတ်မှုကြောင့် သေဆုံး၊ ဒဏ်ရာရရှိသွားခြင်းဟု စွပ်စွဲသည်။



ထိုစွပ်စွဲချက်နှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ထွန်းထွန်းညီကို ဆက်သွယ် ရာတွင် ဖုန်းကိုင်သူတစ်ဦးက မအားသေးဟုဆိုသည်။ ထို့ပြင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့် အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးတို့ကို ဖုန်းနှစ်ကြိမ်စီ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြား ခြင်းမရှိပေ။



လောင်းရှည်ကျေးရွာအနီး တင်းမကျေးရွာပတ်ဝန်းကျင်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှစတင်၍ တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)ကြား တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး ယခုရက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားမှုမရှိဟု ဒေသခံများထံက သိရသည်။



လက်ရှိတွင် ဒဏ်ရာရရှိသူကို ကျောက်တော်မြို့ဆေးရုံသို့ ပို့ဆောင်ရန်လိုအပ်သော်လည်း လမ်းသွားလမ်းလာသူများကို ပစ်ခတ်မှုများရှိသဖြင့် လုံခြုံရေးစိုးရိမ်ရသဖြင့် မသွားရဲကြဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မြကျော်က ပြောသည်။



တိုက်ပွဲဖြစ်ပွားသည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှစ၍ ယနေ့အထိ လမ်းသွား၊လမ်းလာများကို ပစ်ခတ်မှုများရှိနေ သဖြင့် စားနပ်ရိက္ခာများ ဝယ်ယူရန် အခက်အခဲရှိနေသည်။ ထို့ကြောင့် ဆန်မှလွဲ၍ တခြား စားသောက်ကုန်ပစ္စည်းများ ပြတ်လပ်နေပြီဟု ဒေသခံများထံက သိရသည်။



ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့တိုက်ပွဲဖြစ်ပွားမှုကြောင့် အရပ်သားသေဆုံး သူ(၁၃၀)ကျော်နှင့် ထိခိုက်ဒဏ်ရာရရှိသူ (၃၆၀)ကျော်ထိရှိလာနေကြောင်း ရက္ခိုင်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များ- ရန်ကုန်) မှသိရသည်။

May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...