Salai Benezer — မြန်မာ-အိန္ဒိယနယ်စပ် တမူး- မိုးရေး ဂိတ်ကို မတ်(၁၀)ရက်နေ့ နံနက်ပိုင်းကစပြီး မဏီပူရ်ပြည်နယ်အစိုးရအဖွဲ့က ရက်အကန့်အသတ်မရှိ အဝင်အထွက် တားမြစ်ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း တမူးမြို့နယ်မဲဆန္ဒနယ်အမှတ်(၁) စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်ဦး ထံမှသိရသည်။
“နယ်စပ်ဂိတ်က ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဆိုပြီး သူတို့ဘက်ကပိတ်လိုက်တာပါ၊ မဏီပူရ်အစိုးရကနေပြီးတော့ တရားဝင်ပိတ်လိုက်တာဖြစ်ပါတယ်၊ ကျနော်တို့မြန်မာဘက်ခြမ်းကတော့ မပိတ်သေးဘူး၊ ပြည်ထောင်စုအဆင့်ကိုတော့ စာတင်ထားပါတယ်” ဟု သူက ပြောသည်။
တမူးမြို့တွင် နယ်စပ်ဝင်ပေါက် ဂိတ်အမှတ်(၁) နှင့် (၂)ရှိရာ ဂိတ်(၂)ခုလုံးကို သွားလာဝင်ထွက်ခွင့် ပိတ်ပင်လိုက်ခြင်းဖြစ်ပြီး နယ်စပ်ဂိတ်ပိတ်လိုက်ခြင်းကြောင့် မြန်မာနိုင်ငံဘက်ခြမ်းတွင်ရှိသည့် နန့်ဖာလုံစျေး အရောင်းအဝယ် ရပ်ဆိုင်းသွားကြောင်း သိရသည်။
စျေးမှာ တရားဝင်ပိတ်လိုက်ခြင်း မဟုတ်ဘဲ အိန္ဒိယဘက်ခြမ်းနှင့် အဝင်အထွက်မရှိတော့သည့်အတွက် အရောင်းအဝယ်မရှိတော့ဘဲ အလိုအလျောက် ပိတ်သွားခြင်းဖြစ်ကြောင်း တိုင်းလွှတ်တော်အမတ် ဦးမြင့်နိုင်ဦးက ပြောသည်။
နယ်စပ်ဂိတ်များကို အိန္ဒိယဘက်ခြမ်းက စတင်ပိတ်ပင်လိုက်သည့်ကိစ္စနှင့်ပတ်သက်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ကို စာတင် အကြောင်းကြားထားပြီး ဂိတ်ပြန်ဖွင့်ပါက ပြည်သူလူထုထံ အသိပေးသွားမှာ ဖြစ်ကြောင်း သိရသည်။
အလားတူ ချင်းပြည်နယ်ရှိ အိန္ဒိယ-မြန်မာနယ်စပ်ဂိတ်ကိုလည်း ယင်း ဗိုင်းရပ်စ်ကြောင့် ယာယီပိတ်ထားရန် မီဇိုရမ်လွှတ်တော်ကော်မတီက တိုက်တွန်းထားကြောင်း သိရသည်။
အထူးသဖြင့် မီဇိုရမ်ပြည်နယ် ချမ်ဖိုင် စီရင်စုတွင် အိန္ဒိယ-မြန်မာနယ်စပ်ကို အမြန်ဆုံး ပိတ်သင့်ကြောင်း၊ တရုတ်အပါအဝင် အရှေ့တောင် အာရှနိုင်ငံများမှ ကုန်သည်များ အဝင်အထွက် များပြားသည့်နေရာဖြစ်ပြီး၊ ကိုရိုနာဗိုင်းရပ်စ် အစစ်အဆေးလည်း မရှိသည့်အတွက် အလွန်အန္တရာယ်ကြီးကြောင်း ၊ ချမ်ဖိုင်တင်မက အခြားစီရင်စုများရှိ နယ်စပ်ဂိတ်အသီးသီးကိုပါ အမြန်ဆုံး ပိတ်သင့်ကြောင်း မီဇိုရမ် လွှတ်တော်ကော်မတီကထုတ်ပြန်ထားသည်။







