လတ်တလော ဖော်ဆောင်နေသည့် မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ် ဖြစ်ပေါ်တိုးတက်မှုအတွက် ထိတွေ့ဆက်ဆံမှု ပိုမိုလိုအပ်လာကြောင်း မတ်လ ၉ ရက်က ကရင်ပြည်နယ် ဖားအံမြို့တွင် ပြုလုပ်သည့် အလွှာပေါင်းစုံပါဝင်သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက ပြောဆိုကြသည်။
အဆိုပါ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ၌ ကရင်ပြည်နယ်နှင့် နယ်စပ်အခြေစိုက် လူမှုရေး၊ ကျန်းမာရေး၊ အရပ်ဖက်အဖွဲ့အစည်းများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနှင့် နိုင်ငံရေးပါတီများအပြင် အစိုးရဝန်ကြီးများလည်း ပါဝင်ခဲ့သည်။
အခမ်းအနားတွင် ဦးဆောင်ဆွေးနွေးသူ နန်းမြသီတာက “ကျမတို့ ဘုံနားလည်မှု ရဖို့က ကျမတို့ စကားပြောမှ ရမှာလေ။ ကျမတို့ စကားပြောမှ ညှိမှ ရမှာ။ ဒီလို စားပွဲဝိုင်းပေါ်မှာမှ ကျမတို့ စကားပြောခွင့် ရတာလေ” ဟု ပြောသည်။
ယခုလို ဆွေးနွေးပွဲများမှတဆင့် ငြိမ်းချမ်းရေးဖြစ်စဉ်မှ ချမှတ်ထားသည့် မူဝါဒများနှင့် လက်တွေ့မြေပြင်အနေအထားအရ ကင်းကွာနေမှု အခြေအနေများကို ပြန်လည်သုံးသပ်နိုင်ခဲ့ပြီး ဆွေးနွေးပွဲများ ပိုမိုလုပ် ဆောင်ပါက နားလည်မှုနှင့် ယုံကြည်မှု ပိုမိုရရှိတည်ဆောက်နိုင်ခြင်းဖြင့် ငြိမ်းချမ်းရေးအတွက် အဖြေရှာနိုင်မည် ဖြစ်ကြောင်းလည်း နန်းမြသီတာက ဆက်ပြောသည်။
ဖော်ပြပါဆွေးနွေးပွဲတွင် လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်၏ နောက်ဆုံးအခြေအနေများ၊ ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း နိုင်ငံရေးပါတီ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ မီဒီယာများ၏ အမြင်သဘောထားများ၊ အခန်းကဏ္ဍ အခြေအနေ များ၊ ငြိမ်းချမ်းရေးဖြစ်စဉ်ကာလ၏ ဒေသကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ ဒေသဖွံ့ဖြိုးရေးအခြေအနေများ၊ အပစ်ရပ်ကာလ၏ တိုက်ပွဲများနှင့် စောင့်ကြည့်ရေး ညှိနှိုင်းဖြေရှင်းရေးအခြေအနေများ၊ စစ်ပြေးရှောင်၊ ဒုက္ခ သည် နေရပ်ပြန်အခြေအနေများအပြင် ငြိမ်းချမ်းရေးနှင့် ရွေးကောက်ပွဲ အခြေအနေများကိုပါ ဆွေးနွေးသုံးသပ်ခဲ့ကြပြီး ငြိမ်းချမ်းရေးဖြစ်စဉ် ပိုမိုကောင်းမွန်လာအောင်လည်း အကြံပြုဆွေးနွေးချက်များရယူခဲ့ကြသည်။
စအိုင်ဆူး — အဆိုပါ ဆွေးနွေးပွဲသို့ ဖိတ်ကြားထားသော ပြည်နယ်အစိုးရ လူမှုရေးဝန်ကြီး စောဘိုဘိုဝေမောင်၊ ကေအဲန်ယူ ဗဟိုခေါင်းဆောင်များနှင့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA၊ KNU/KNLA-PC မှ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်များ၊ လူငယ်၊ အမျိုးသမီး၊ ကျန်းမာရေးနှင့် သတင်း မီဒီယာ ကိုယ်စားလှယ်များအပြင် တက်ကြွလှုပ်ရှားသူများ စုစုပေါင်း (၃၀)ကျော်ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြသည်။
ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ ဒုဥက္ကဋ္ဌ နန်းယုဇနဝါက “ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ နိုင်ငံရေး စိတ်ဆန္ဒက အရေး ကြီးပါတယ်။ နောက်ပြီး ဒီဖြစ်စဉ်မှာ ကြားဝင်ဖျန်ဖြေပေးတဲ့ အခန်းကဏ္ဍ မရှိဘူးဖြစ်နေတယ်။ ဒီမှာက JMC အဆင့်လောက်နဲ့တော့ အလုပ်မဖြစ်ဘူး။ နိုင်ငံတကာနဲ့ UNလို ပညာရှင်တွေ ပါဝင်တဲ့ ကြားဝင်ဖျန်ဖြေသူတွေ ပါမယ်ဆိုရင်တော့ ဒီ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ပြည်တွင်းစစ်တွေက ပိုပြီးတော့မှ တန့်သွားမယ့် သဘောရှိ တာပေါ့။ အခုက ကြားဝင်ဖျန်ဖြေသူတွေမပါတော့ တစ်ဖက်စောင်းနင်း ဖြစ်စေတာပေါ့” ဟု ဆွေးနွေးပွဲအတွင်း သုံးသပ်ပြောဆိုခဲ့သည်။
ထို့အပြင် ယခုလို တွေ့ဆုံဆွေးနွေးမှုများမှတဆင့် လတ်တလော ပဋိပက္ခများ၊ ကရင်ပြည်နယ်အတွင်း စစ်ဘေး ရှောင် ပြန်လည်ဖြစ်ပေါ်မှုအခြေအနေများအပေါ် ငြိမ်းချမ်းရေးအတွက် အဖြေသစ်များနှင့် အဖြေရှာနိုင်မည့် နည်းလမ်းကောင်းများကို ရရှိစေကြောင်းလည်း ၎င်းက ဆက်ပြောသည်။
တစ်ရက်တာဆွေးနွေးမှုအပြီး ကဏ္ဍအလိုက်၊ အကြောင်းအရာအလိုက် အခြေခံသည့် ဆွေးနွေးပွဲများ ပြုလုပ်ရန် လိုအပ်မှုအခြေအနေများ၊ မြေပြင်အခြေအနေနှင့် သတင်းအချက်အလက်ပံ့ပိုးပေးနိုင်သော အရပ်ဖက်အဖွဲ့ အစည်းများ၏ အခန်းကဏ္ဍလိုအပ်မှုအခြေအနေများ၊ ကြားဝင်ဖျန်ဖြေမှု အခန်းကဏ္ဍ၏ အရေးတကြီးလိုအပ် သည့်အခြေအနေများ၊ အုပ်ချုပ်မှု ပုံစံမတူသော ဒေသမတူသည့် လူထုများအကြား နီးစပ်ပတ်သက်သည့် ဆက်ဆံရေး အခြေအနေ စသည့် ငြိမ်းချမ်းရေး ဖြစ်စဉ်၏လိုအပ်ချက်အခြေအနေများကို ဝေဖန်ထောက်ပြ အကြံပြုဆွေးနွေးသုံးသပ်မှုအဖြေများပေါ်ထွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲကို ရန်ကုန်အခြေစိုက် Burma News International (BNI)နှင့် KIC -ကရင်သတင်းဌာနတို့ ဦးဆောင်စီစဉ်၍ ပြုလုပ်သည့် အစီအစဉ်ဖြစ်ပြီး အလားတူ ဆွေးနွေးပွဲကို ပြီးခဲ့သည့် ၂၀၁၈ခုနှစ်တွင်လည်း ပြုလုပ်ခဲ့သေးသည်။







