ကချင်ပေါင်းစည်းပါတီ KSPP ပထမအကြိမ်ညီလာခံ ယာယီဦးဆောင်သူများကို တရားဝင် ခန့်အပ်

ကချင်ပေါင်းစည်းပါတီ KSPP ပထမအကြိမ်ညီလာခံ ယာယီဦးဆောင်သူများကို တရားဝင် ခန့်အပ်

ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP ၏ ပထမအကြိမ်ညီလာခံကို မတ်လ ၃ နှင့် ၄ ရက်တွင် ပြုလုပ်ပြီးနောက် ယာယီဖွဲ့စည်းထားသော ဦးဆောင်ကော်မတီများကို တရားဝင်ဦးဆောင်ကော်မတီများအဖြစ် ဖွဲ့စည်းကာ မူဝါဒများကိုလည်း ချမှတ်ခဲ့သည်ဟု သိရသည်။

လက်ရှိ KSPP ပါတီ၏ အတည်ပြုထားသော ဦးဆောင်ကော်မတီများမှာ ဥက္ကဌ – ဒေါက်တာ မနမ်တူးဂျာ၊ ဒု- ဥက္ကဌ (၁) ရှေ့နေ ဒေါ်ဒွဲဘူ၊ ဒု- ဥက္ကဌ (၂) ဦးကွမ်ဂရောင်အောင်ခမ်း၊ ဒု- ဥက္ကဌ (၃) ဦးမိထွယ်ဇော်လတ်နှင့် ဒု- ဥက္ကဌ (၄) တောင်သူအရေးလှုပ်ရှာသူ ဒေါ်ဘောက်ဂျာ တို့အသီးအသီးဖြစ်ကြသည်။

ယခင်က UDPKS ပါတီ ဥက္ကဌဖြစ်ခဲ့သူ နှင့် KSPP အဖြစ်ပေါင်းစည်းပြီးနောက် ဒု-ဥက္ကဌ (၁) အဖြစ်ယာယီ ဦးဆောင်ခဲ့သူ ဦးခက်ထိန်နန်သည် လွန်ခဲ့သည့်လတွင် ပါတီမှာ နုတ်ထွက်ခဲ့သောကြောင့် သူ၏ နေရာတွင် ယခင် UDPKS ပါတီမှ ဒေါ်ဒွဲဘူကို ပြန်လည်ခန့်အပ်ခဲ့သည်။

ကချင်ပါတီ ၄ ခု ပူးပေါင်းထားသည့် ကချင်ပြည်နယ်ပြည်သူ့ပါတီမှာ ၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် အဓိကလုပ်ဆောင်သွားမည်ဖြစ်ပြီး ကချင်ပြည်နယ်တွင်ရှိသည့် ပြည်နယ်သားအားလုံးအတွက် ကိုယ်စားပြုထား သည့်ပါတီဖြစ်သည်ဟု ဒု- ဥက္ကဌ (၁) ရှေ့နေ ဒေါ်ဒွဲဘူ ယခုလိုပြောသည်။

“ကချင်ပြည်နယ်ပြည်သူ့ပါတီက ကချင်ပြည်နယ်မှာရှိကြတဲ့ ပြည်နယ်သားအားလုံး လူမျိုးဘာသာမရွေး ပါဝင်နိုင်တဲ့ ပါတီကြီး တစ်ခုဖြစ်ပါတယ်။ အနာဂတ်မှာလည်း အောက်ခြေခိုင်ခိုင် ပါတီကြီးတစ်ခုဖြစ်အောင် လုပ်ဆောင်သွားမယ်။ အနာဂတ်မှာ အောင်နိုင်တဲ့ ပါတီဖြစ်မယ်လို့ ယုံကြည်တယ်” ဟု ပြောဆိုသည်။

ပါတီညီလာခံ ၂ ရက်အတွင်း မြို့နယ် ၁၈ခုမှ ပါတီကိုယ်စားလှယ်များ၏တင်ပြချက်များကို အတည်ပြုခြင်း၊ ပါတီ၏ နိုင်ငံမူဝါဒသဘောထားများ၊ ပါတီဖွဲ့စည်းပုံများ၊ ကျား/မရေးရာ မူဝါဒများနှင့် ပါတီ၏ ရှေးလုပ်ငန်းစဉ် (၁၁) ချက်ကိုလည်း အတည်ပြုနိုင်ခဲ့ကြောင်း သိရပါသည်။

ထို့နောက် ရွေးကောက်ပွဲအောင်နိုင်ရေးလုပ်ဆောင်ရာတွင် အခြားတိုင်းနှင့်ပြည်နယ်အသီးသီးတွင်ရှိကြသည့် တိုင်းရင်းသားများကို ကိုယ်စားပြုထားသည့် တိုင်းရင်းသားဒေသခံ ပါတီများဖြင့်လည်း မဟာမိတ် ဖွဲ့သွားမည်ဟု ဒု- ဥက္ကဌ (၂) ဦးကွမ်ဂရောင် အောင်ခမ်း ယခုလိုပြောသည်။

“ကျနော်တို့ပါတီအနေနဲ့ ရွေးကောက်ပွဲကို အောင်နိုင်အောင်လုပ်ဆောင်ပြီးမှ တိုင်းနှင့်ပြည်နယ်အသီးသီးက တိုင်းရင်းသားပါတီတွေနဲ့ မဟာမိတ်ဖွဲ့သွားဖို့ရှိတယ်။ ရည်မှန်းချက်ကတော့ ပြည်နယ်လွှတ်တော်ကို ထိန်းချုပ်ဖို့ဖြစ်တယ်။ အဓိကတော့ ဖက်ဒရယ်နိုင်ငံတည်ဆောက်ဖို့ပါ” ဟု ပြောသည်။

ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP သည် ပါတီကြီးတစ်ခုဖြစ်လာရန်လုပ်ဆောင်နေသည့်အတွက် ပြည်နယ်အတွင်းရှိ သီးခြားပါတီများ ပေါင်းစည်းလာရန်လည်း ကြိုဆိုနေဆဲဖြစ်သည်ဟု ဆိုသည်။

၂ ရက်ပြုလုပ်သည့် ညီလာခံတွင် ကချင်ပြည်နယ်အတွင်းရှိ မြို့နယ် (၁၈)ခုမှ ပါတီကိုယ်စားလှယ်များနှင့် ဦးဆောင် ကော်မတီများ စုစုပေါင်း ၃၀၀ကျော် ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

Most read this week

January 30, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က ထီးချိုင့်မြို့ကို ပြန်လည်ရရှိရေး တော်လှန်ရေးအင်အားစုတွေဘက်က ဇန်နဝါရီလ ၂၈...
January 29, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ KIA နဲ့ပြည်သူ့စစ်တပ်တို့အကြားတိုက်ပွဲကြောင့်...
January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...