ကျောက်တော်တွင် ဖမ်းဆီးခံရသည်ဆိုသည့် ခရီးသည်(၆)ဦးကို ပြန်လွှတ်ပေးရန် ကာကွယ်ရေးဝန်ကြီးထံစာပို့

ကျောက်တော်တွင် ဖမ်းဆီးခံရသည်ဆိုသည့် ခရီးသည်(၆)ဦးကို ပြန်လွှတ်ပေးရန် ကာကွယ်ရေးဝန်ကြီးထံစာပို့

ဝင်းညွန့် — ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှ ချင်းပြည်နယ်၊ပလက်ဝမြို့သို့ သွားသည့် ခရီးသည်(၆)ဦးကို တပ်မတော်က ဖမ်းဆီးထားသည်ဟု ဆိုကာ အမြန်ဆုံး ပြန်လွှတ်ပေးရန်အတွက် မိသားစုဝင်များက ကာကွယ်ရေးဝန်ကြီးထံ မတ်လ ၃ ရက်နေ့တွင် စာပို့တောင်းဆိုလိုက်သည်။

ဖေဖော်ဝါရီလ (၂၆)ရက်နေ့က ကျောက်တော်မြို့မှ ပလက်ဝမြို့သို့သွားသည့် ခရီးသည်တင် စက်လှေကို တင်းမကျေးရွာအနီးတွင် တပ်မတော်က တားဆီးခဲ့သည်။ ယင်းနောက် ခရီးသည် အမျိုးသား (၆)ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု မိသားစုဝင်များက ဆိုသည်။

လက်ရှိအချိန်ထိ အဆက်အသွယ်မရရှိသေးသဖြင့် မိသားစုဝင်များ စိုးရိမ်နေ၍ အမြန်ဆုံး ပြန်လွှတ်ပေးရန် ကျေးရွာအုပ်ချုပ်ရေးမှူး ထောက်ခံစာ၊ မှတ်ပုံတင်နံပါတ်၊ ရဲစခန်းထောက်ခံစာများဖြင့် ပူးတွဲပြီး ကာကွယ်ရေးဝန်ကြီးထံသို့ ပေးပို့ခဲ့သည်ဟု ဖမ်းဆီးခံရသူ ဦးထွန်းချေ၏ဇနီး ဒေါ်ယဉ်သာနုက ပြောသည်။

“ကျွန်မယောက်ျားက အသက်လည်းကြီးနေပြီ။ ပြီးတော့ ဘာမှလည်း အပြစ်မရှိဘူး။ အဆက်သွယ်လည်းမရတော့ အသက်အန္တရာယ်လည်းစိုး ရိမ်တယ်။ သူတို့ကိုအမြန်ဆုံး ပြန်လွှတ်ပေးစေချင်တယ်။ အဲဒါကြောင့် စာတင်လိုက်တာပါ”ဟု ဒေါ်ယဉ်သာနုက ဆိုသည်။

ဦးထွန်းချေမှာ ပလက်ဝမြို့နယ်၊ နမဒါကျေးရွာသို့ သွားရောက်ပြီး စျေးရောင်းနေသူတစ်ဦးဖြစ်သည်။

ဖမ်းဆီးခံထားရသူများမှာ ကျောက်တော်မြို့နယ်၊ ရွှေပြည်ကျေးရွာမှ ဦးထွန်းချေ (၅၇ နှစ်)၊ ဦးကွန်ချုပ် (၃၉ နှစ်)၊ ကျောက်တော်မြို့မှ ဦးအေးသိန်းမောင် (၄၂ နှစ်)၊ ပလက်ဝမြို့နယ်၊ ဒိုးချောင်းဝကျေးရွာမှ ဦးအောင်ကျော် ညွန့်(၄၇ နှစ်)၊ ကိုအောင်သန်းနု (၂၂ နှစ်)နှင့် ပြိုင်းတိုင်းကျေးရွာမှ တစ်ဦးတို့ဖြစ်သည်။

ယခု ဖမ်းဆီးခံရသည်ဆိုသည့် တင်းမကျေးရွာအနီးတွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။

အဆိုပါ(၆)ဦးကို တပ်မတော်က ဖမ်းဆီးထားသည်ဟု မိသားစုဝင်များ ပြောဆိုချက်နှင့် ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဆက်သွယ်ခဲ့သော်လည်း ဖုန်း လက်ခံ ဖြေကြားခြင်း မရှိပေ။

May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...