မကွေးတိုင်းသို့ စစ်ဘေးရှောင်လာသူ အရှိုချင်းများ ဒေသခံတို့ လက်မခံလျှင် နေရပ် ပြန်ရမည်ဟု ဆို

မကွေးတိုင်းသို့ စစ်ဘေးရှောင်လာသူ အရှိုချင်းများ ဒေသခံတို့ လက်မခံလျှင် နေရပ် ပြန်ရမည်ဟု ဆို

Salai Khup Khup — ရခိုင်ပြည်နယ် အမ်းမြို့နယ်မှ မကွေးတိုင်းဒေသကြီးဖက်သို့ စစ်ဘေးရှောင်လာသည့် အရှိုချင်းများကို ဒေသခံများ လက်မခံပါက မှုရင်းနေရပ်ဒေသသို့ ပြန်ရမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလှထွန်းက ပြောသည်။

“ကျနော် ကြားရသလောက်တော့ ဒေသခံတွေက လက်မခံရင် သူတို့ မူရင်းနေရာကို ပြန်သွားရမယ့် ပုံစံဖြစ်တယ်။ ဒေသခံတွေ လက်ခံရင် တစ်မျိုးပေါ့”ဟုပြောသည်။

အမ်းမြို့နယ်မှ စစ်ရှောင်လာသည့် လူဦးရေ ၁၅၀ခန့်မှာ မကွေးတိုင်းရှိ ကျေးရွာများတွင် နေထိုင်နေကြပြီး ၎င်းတို့အနက် အများစုမှာ ရခိုင်ပြည်နယ်ဘက်မှ အပြီး ပြောင်းရွှေ့လာကြသူများ ဖြစ်ကြောင်း သိရသည်။

၎င်းတို့မှာ ဘုရားကျောင်းများနှင့် နေအိမ်အချို့တွင် ကပ်နေရပြီး စားဝတ်နေရေးကိုလည်း အဖွဲ့အစည်းအချို့နှင့် ပရဟိတအသင်းများက ကူညီထောက်ပံ့ပေးလျက် ရှိကြောင်း မကွေးတိုင်း အရှိုချင်း လူငယ်အဖွဲ့ ဥက္ကဋ္ဌ  ဆလိုင်းရိုးမောင်က ပြောသည်။

“မကွေးကနေ ရခိုင်ဘက်ကို ပြန်ပြီး ပြန်သွားတဲ့ လူတွေလည်း ရှိတယ်။ လက်ရှိ ရှိတဲ့သူတွေကလည်း ဘုရားကျောင်းတို့ တချို့အိမ်တွေမှာ ကပ်နေကြတယ်။ ဒါကို တချို့လူတွေက မနေချင်ကြတော့ ပြန်ပြီး ပြန်သွားတာတွေလည်း ရှိတယ်”ဟု ဆလိုင်းရိုးမောင်က ပြောသည်။

မကွေးတိုင်းရှိ အရှိုချင်းအဖွဲ့အစည်းအသီးသီးက ရခိုင်ပြည်ဘက်မှ စစ်ဘေးရှောင် လာသူများအတွက် နေရာ အတည်တကျ ဆောင်ရွက်ပေးရန် တိုင်းအစိုးရထံ တင်ပြထားသည်များ ရှိသော်လည်း ဒေသခံအချို့ သဘောမတူညီသည့် အခက်အခဲများလည်း ရှိနေကြောင်း သိရသည်။

ဆလိုင်းရိုးမောင်က “မကွေးတိုင်းအစိုးရနဲ့ မကွေး ချင်းရေးရာ ဝန်ကြီးဆီကိုလည်း မကွေးတိုင်းမှာ ဒုက္ခသည်စခန်း ဖွင့်ပေးဖို့ စာတင်ပြီးပြီ။ ကျွန်တော်တို့ဘက်အနေနဲ့တော့ ရခိုင်ပြည်ဘက်ကနေ ပြောင်းရွှေ့လာတဲ့ သူတွေအတွက် နေထိုင်ဖို့ နေရာကို အတည်တကျ သတ်မှတ်ပေးစေချင်တယ်။ အဲဒါမှလည်း ကျွန်တော်တို့ဖက်ကရော၊ တခြားအဖွဲ့အစည်းတွေအတွက်ပါ ကူညီပေးလို့ ရမှာ။ အခုက ဟိုမှာ သုံးအိမ်၊ ဟိုဘက်မှာ ငါးအိမ်နဲ့ ဘာမှ လုပ်လို့ မရဘူး။ မကွေးတိုင်းအစိုးရအနေနဲ့ ဒီမှာ အကုန်လုံးလာနေဆိုရင် အကုန်လုံး အဆင်ပြေသွားတာပေါ့”ဟုပြောသည်။

ဇန်နဝါရီလအစောပိုင်းက ရက္ခိုင့်တပ်တော်AAနှင့် မြန်မာတပ်မတော်တို့  တိုက်ပွဲများ ပြင်းထန်ခဲ့ သောကြောင့် ရခိုင်ပြည်နယ် အမ်းမြို့နယ်ရှိ ဒါးလက်၊ မက်လမောင်းနှင့် ကဇုကိုင်းကျေးရွာအုပ်စုမှ အရှိုချင်းရွာသားများသည် အမ်းမြို့ပေါ်နှင့် မကွေးတိုင်းဒေသကြီးဘက်သို့ ပြောင်းရွှေ့လာခဲ့ကြခြင်း ဖြစ်သည်။

Most read this week

August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...
August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...